အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အကြီးတန်းစာရေးဖြစ်သူက ငွေစာရင်းပိုင်ရှင်တစ်ဦး၏ စာရင်းမှ ကျပ်သိန်း ၄၅၀ ကို လွှဲပြောင်းထုတ်ယူတိမ်းရှောင်နေမှုအား သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
မိတ္ထီလာမြို့အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဘဏ်ခွဲတာဝန်ခံ ဒေါ်ဝါဝါအောင်က ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့သို့ သြဂုတ် ၂ ရက် မွန်းလွဲပိုင်း၌ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် အကွက် ၆၉၁၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အကြီးတန်းစာရေး အာကာမင်းဦး (၂၀ နှစ်)သည် ၎င်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်နေ အသက် (၅၆ နှစ်)အရွယ်အမျိုးသား၏ Mobile Banking Account Password အားမှတ်သားခဲ့ခြင်းဖြစ်သည်။
အာကာမင်းဦးသည် Password အားမှတ်သားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်တွင် ငွေကျပ်သိန်း ၁၅၀ ကို နေပြည်တော်ဘဏ်ခွဲမှ လည်းကောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မိတ္ထီလာမြို့ ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မှတ်ပုံတင်အတုအသုံးပြုကာ ဘဏ်အကောင့်ဖွင့်လှစ်ပြီး အဆိုပါ စာရင်းပိုင်ရှင်၏ ဘဏ်စာအုပ်ထဲမှ ကျပ်သိန်း ၃၀ဝ ကို သိန်း ၅၀ စီ ခြောက်ကြိမ်ခွဲ၍ လည်းကောင်း လွှဲပြောင်းရယူသွားခဲ့ကြောင်း စုံစမ်းပေါ်ပေါက်ခဲ့သည်။
ထိုသို့ထုတ်ယူသွားပြီးနောက် အာကာမင်းဦးသည် တာဝန်ထမ်းဆောင်မှုမှ အကြောင်းမဲ့ပျက်ကွက် တိမ်းရှောင်နေသဖြင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက (ပ) ၆၂၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၈/၄၆၈ အရ အမှုဖွင့်ကာ ကျူးလွန်သူကိုဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
















