လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာရှိ အဆောင်တစ်ခုတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေသူ အမျိုးသား အလောင်းတွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။
သြဂုတ် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာ၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ဒုရဲမှူးစန်းယုနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ရွှေလင်ဗန်းကျေးရွာ ရွှေဂန္ဓမာ(၅) လမ်းရှိ အဆောင်တစ်ခု၏ အခန်းတစ်ခန်း၌နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယာဘက်ရင်အုံအောက်ထိုးသွင်း၊ရင်ညွန့်အနီးပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေခြင်းဖြစ်သည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ရွှေလင်ဗန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ၄င်းမောင်ဖြစ်သူနေထိုင်သည့် အဆောင်သို့ သွားရောက်ခဲ့ပြီး မောင်ဖြစ်သူကို အခန်းတွင် မတွေ့သဖြင့် အခြားအခန်းသို့ မေးမြန်းကြည့်ရှုရာမှ သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။
သေဆုံးသူ၏ အလောင်းကို အင်းစိန်ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ပီအာရ် ၁၅ ဖြင့်လက်ခံထားပြီး လှိုင်သာယာမြို့မရဲစခန်းက(ပ)၄၄၉၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။
















