မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ၂၀၁၉-၂၀ ဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးရရှိနိုင်ရန် ပြိုင် ဘက်ပိုများလာမည်ဟု ခံစားနေရကြောင်း ကွန်မြူနတီဒိုင်းပွဲအပြီး ပြောဆိုခဲ့သည်။
မန်စီး တီးသည် သြဂုတ် ၄ ရက်က ဝင်ဘလေကွင်း တွင် လီဗာပူးနှင့် ရာသီသစ် ကွန်မြူနတီဒိုင်းလုပွဲ ကစားခဲ့ရာ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့ သည့်အတွက် ပင်နယ်တီ အဆုံးအဖြတ်ရောက် သည့်အခါ ငါးဂိုး လေးဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်စီးတီးသည် ပြက္ခဒိန်တစ်နှစ်အတွင်း ဖလား လေးလုံးရရှိခဲ့သည့်အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ မန်စီးတီးနှင့် လီဗာပူးတို့၏ပွဲကို ပရိသတ်ကွင်းလုံးပြည့်ကြည့်ရှုခဲ့ပြီး မန်စီးတီး မှာ ပင်နယ်တီ ငါးဂိုးစလုံး သွင်းယူနိုင်ခဲ့သည်။
ကွန်မြူနတီဒိုင်းပြိုင်ပွဲပြီးနောက် မန်စီးတီး နည်းပြဂွာဒီယိုလာက "ပြီးခဲ့တဲ့နှစ်ဘောလုံး ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့ အတွက် ကျွန်တော်တို့နဲ့ လီဗာပူးနှစ်သင်းတည်း အမှန်တကယ်ပြိုင်ဆိုင်ခဲ့ရတယ်။ ဒီနှစ်ဘော လုံးရာသီမှာ ပြီးခဲ့တဲ့နှစ်ကလို နှစ်သင်းတည်း ပြိုင်ရမလားဆိုတာကို ကျွန်တော်မသိသေးပါ ဘူး။ မန်ယူဟာ မာဂူရီကိုခေါ်လိုက်တယ်။ အခြားပြိုင်ဘက်အသင်းကြီးတွေကလည်း ကစားသမားကောင်းတွေကို ခေါ်ထားတယ်။ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ စပါးတို့ဟာ အင် အားဖြည့်တင်းမှုတွေပြုလုပ်ထားတယ်။ ဒီတော့ ရာသီသစ်ကြရင် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးရရှိဖို့အတွက် ပြိုင်ဘက်တွေပိုများလာ မယ်လို့ ကျွန်တော်ထင်တယ်"ဟု ဆိုခဲ့သည်။
မန်ယူအသင်းသည် အင်္ဂလန်နောက်ခံလူ မာဂူရီကို ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့် ခေါ်ယူနိုင်ခဲ့မှုအပေါ် နည်းပြဂွာဒီယိုလာက မန်ယူအသင်းကို ဂုဏ်ပြုပါကြောင်း ပြောဆိုခဲ့ သည်။ ဂွာဒီယိုလာက "မာဂူရီဟာ ထိပ်တန်း အဆင့်ရှိတဲ့ ပလေယာတစ်ယောက်ပါ။ ကျွန် တော်တို့သူ့ကိုခေါ်ဖို့ စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ ရအောင်မခေါ်နိုင်ပါဘူး။ မန်ယူကတော့ လုပ် နိုင်ခဲ့တယ်။ ဒါကြောင့် မန်ယူအသင်းကို ကွန် ဂရက်ကျူလေးရှင်းလို့ ကျွန်တော်ပြောချင်ပါ တယ်"ဟု ဆိုသည်။















