အဆိုတော် အစ္စဏီအမှုတွင် တရားလိုမော်ဒယ်စူးရှထက်က ရုပ်သိမ်းလွှာတင်

အဆိုတော် အစ္စဏီအမှုတွင် တရားလိုမော်ဒယ်စူးရှထက်က ရုပ်သိမ်းလွှာတင်

အဆိုတော်အစ္စဏီက မီဒီယာမှတစ်ဆင့် တရားဝင်တောင်းပန်ခြင်းကြောင့် စွဲဆိုထားသည့် အမှုသုံးမှု အပေါ် ရုပ်သိမ်းလွှာတင်ခဲ့ခြင်းဖြစ်ကြောင်း မော်ဒယ်စူးရှထက်က ယနေ့သြဂုတ် ၅ ရက် ရုံးချိန်းအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ (၃၇၆/၃၂၃/၃၂၄) အလိုမတူဘဲ အဓမ္မပြုကျင့်မှုနှင့် ခန္ဓာကိုယ်အား နာကျင်စေ အောင် ပြုလုပ်မှုတို့ဖြင့် တာမွေမြို့နယ်တရားရုံးတွင် အချိန်တစ်နှစ်နှင့် လေးလကျော်အထိ စစ်ဆေးပြီးချိန်တွင် တရားစွဲဆိုခြင်းခံထားရသည့် အဆိုတော် အစ္စဏီအပေါ် မော်ဒယ် စူးရှထက်က အမှုရုပ်သိမ်းလွှာ၌ လက်မှတ်ထိုးလျှောက်ထားပေးခဲ့ခြင်းဖြစ်သည်။

'' စွဲဆိုထားတဲ့ သုံးမှုစလုံးကို အမှုရုပ်သိမ်းလွှာ လက်မှတ်ထိုးပေးခဲ့တာပါ။ မီဒီယာကနေ တစ်ဆင့် တရားဝင်တောင်းပန်တာကြောင့်အမှုရုပ်သိမ်းလွှာမှာ လက်မှတ်ထိုးပေးလိုက်တာပါ။ အရင်ကတည်းက အခုလိုမျိုးတောင်းပန်ခဲ့ရင် ဒီကိစ္စဒီလောက်ထိဖြစ်သွားမှာ မဟုတ်ဘူး။ ကိုအစ္စဏီကိုလည်း ကျေးဇူးတင်ပါတယ်" ဟု မော်ဒယ်စူးရှထက်က ရုံးချိန်းအပြီး မီဒီယာများကို ပြောကြားသည်။

အဆိုတော်အစ္စဏီဘက်က မော်ဒယ်စူးရှထက်အပေါ် စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ ထိခိုက်နစ်နာစေမည့် မည်သည့် အကြောင်းအရာကိုမျှ ထုတ်ဖော်ပြောဆိုရေးသားနှောက်ယှက်ခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့သည်။

အမှုရုပ်သိမ်းခွင့်ပြုပါရန် လျှောက်ထားခြင်းအပေါ် တရားစွဲဆိုခံရသူ အစ္စဏီဘက်မှ မည်သည့် ငွေကြေးတစ်စုံတစ်ရာပေးကမ်းခဲ့ခြင်းမရှိဘဲ တရားလိုဘက်မှ မေတ္တာဖြင့် ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး