အသတ်ခံထားရသည့်လူသေအလောင်း ဆည်မချောင်းစပ်တွင် တွေ့ရှိ

အသတ်ခံထားရသည့်လူသေအလောင်း ဆည်မချောင်းစပ်တွင် တွေ့ရှိ

အသတ်ခံထားရသည့် လူသေအလောင်းတစ်လောင်းကို ကဝမြို့နယ် ကမ်းမြောင်ကျေးရွာအနီး ဆည်မချောင်းကမ်းစပ်တွင် သြဂုတ် ၄ ရက်က တွေ့ရှိခဲ့သည်။
 

လူသတ်မှုကျူးလွန်ပြီးနောက် စွန့်ပစ်ထားသည့်အလောင်းရေစီးဖြင့်မျောပါမသွားစေရန် အဆိုပါချောင်းကမ်းစပ်တွင် ကြိုးဖြင့်တုပ်ထားသည်ကို သတင်းပေးချက်အရ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ် ရင်ဘတ်၊ ကျောကုန်း၊ ဝဲ/ယာ ပေါင်နှင့် ခြေသလုံးတို့တွင် တက်တူးများထိုးထားသည့် အသက် ၃၀ အရွယ် အမျိုးသားအလောင်းကို ချောင်းကမ်းစပ်သမန်းချုံပင်များအကြား ရေထဲ၌ အဆိုပါနေ့ မွန်းလွဲ ၁၂နာရီခွဲခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်း၏ ဝဲ/ယာ လက်ကောက်ဝတ်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့် ချည်ထားကာ ရေတွင်မျောမသွားစေရန် ကျန်ကြိုးစတစ်ဖက်ကို ခြုံနှင့်ချည်ထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။

အလောင်းကိုစစ်ဆေးရာ ဦးခေါင်းငယ်ထိပ်တွင် တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့ ယာဘက်ခြမ်းတွင် တစ်လက်မခွဲခန့်ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ သွေးထွက်ဒဏ်ရာ နှစ်ချက်တို့ တွေ့ရှိခဲ့သည်။

ယမန်နေ့ညပိုင်းတွင် ဦးခေါင်းကို တုံးသောအရာဖြင့် ရိုက်နှက်သေဆုံးသွားစဉ် လာရောက် စွန့်ပစ်ထားခဲ့သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းယူဆထားသည်။

ရဲတပ်ဖွဲ့က သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်းကိုစုံစမ်းလျက်ရှိပြီး ကဝမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။