ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကိုပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာသို့မဟုတ် မရည်ရွယ်ဘဲသွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism) ဆိုပြီးအမျိုးအစား ၂ မျိုးရှိပါတယ်။
၁။ နိုးထနေစဉ် သွားကြိတ်ခြင်း (Awake Bruxism)
တချို့လူတွေ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ကိုယ်တိုင်ကမသိလိုက်ဘဲအံကိုတင်းတင်းကြိတ်တဲ့ အကျင့်ဖြစ်လာပါတယ်။ ဒီအကျင့်ကကြာလာတဲ့အခါ သိသိကြီးနဲ့ သွားကြိတ်တာလည်း ဖြစ်နိုင်သလိုလုံးဝသတိမထားမိဘဲအံသွားကအကျင့်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ဥပမာ – စိုးရိ်မ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ဒေါသ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ကိုတင်းထားတဲ့ အခြေအနေတွေမှာပိုအဖြစ်များသလိုအာရုံစူးစိုက်နေတဲ့အချိန်မှာသွားကြိတ်လိုက်တာမျိုးလည်းရှိပါတယ်။
၂။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism)
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ ဖြစ်လာတတ်တဲ့ အမူအကျင့်မျိုးဖြစ်ပါတယ်။ အိပ်မက်မက်နေစဉ်၊ လိင်ပိုင်းဆိုင်ရာအိပ်မက်တွေ မက်နေတဲ့အချိန်မှာခံတွင်းရဲ့ အံသွားကသူ့အလိုလို ကြိတ်နေတတ်ပါတယ်။ ဒီလိုအိပ်နေစဉ် သွားကြိတ်တဲ့သူတွေမှာဟောက်တာ၊ အိပ်နေစဉ် အသက်ရှူရပ်သွားတာမျိုးလည်းရှိပါတယ်။
သွားကြိတ်တတ်တဲ့ အကျင့်ရှိလားဆိုတာဘယ်လိုသိနိုင်မလဲ။
• ကိုယ်သွားကြိတ်နေတဲ့ အသံကဘေးမှာအိပ်နေတဲ့သူကိုတောင် လန့်နိုးလာစေလောက်တဲ့အထိအသံကျယ်နေတာ
• သွားရဲ့ အောက်နား၊ အပေါ်နားတွေကအချွန်လေးလိုမဟုတ်တော့ဘဲ ပြန့်နေတာ၊ ပဲ့နေတာ
• သွားကချောင်ပြီးလှုပ်စိစိဖြစ်လာတာ
• သွားအပေါ်ယံကြွေလွှာတွေ ပါးလာတာ
• မကြာခဏသွားကိုက်တာ၊ သွားကျဉ်တာ
• တစ်ခုခုဆိုရင် သွားကထိခိုက်လွယ်တာ
• သွားဖုံးကြွက်သားတွေ နာကျင်နေတာ
• မေးရိုးအပြင် လည်ပင်းနဲ့ ပါးတစ်ဝိုက်မှာကိုက်နေသလိုဖြစ်တာ
• နားကိုက်နေသလိုခံစားရတာ
• ခေါင်းအနည်းငယ်ကိုက်တာ
• ညဘက်မှာကောင်းစွာမအိပ်ပျော်အောင် နှောင့်ယှက်တာစတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ကိုယ့်မှာသွားကြိတ်တတ်တဲ့အကျင့်ရှိတာသေချာပါပြီ။
သွားကြိတ်တတ်တာစိုးရိမ်စရာရှိလား။
ပုံမှန်အားဖြင့်တော့ ဒီအကျင့်ဟာတခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာမှန်ပေမယ့် ကာယကံရှင်အတွက်တော့ အစာစားတဲ့အခါ ပြဿနာတစ်စုံတစ်ရာမဖြစ်စေတာမို့ စိတ်ပူဖို့လည်းမလိုသလိုကုသမှုလည်းခံယူစရာမလိုအပ်ပါဘူး။ ရံဖန်ရံခါ အခြေအနေမျိုးမှာသွားကြိတ်တဲ့အကျင့်ကြောင့် မေးရိုးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊ ခေါင်းကိုက်တာ၊ သွားတွေပျက်စီးကျိုးပဲ့တာ ဖြစ်လာပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။ အထူးသဖြင့် အိပ်နေစဉ် သွားကြိတ်တတ်တဲ့သူတွေမှာကိုယ်တိုင်ကဒီလိုအကျင့်မျိုးရှိမှန်းမသိတာကြောင့် မိသားစုဝင်တွေအနေနဲ့ ဒီကိစ္စကိုအသိပေးဖို့ လိုပါတယ်။
ငယ်သေးတဲ့ကလေးတွေ သွားကြိတ်တတ်ရင်တော့ မေမေတွေအနေနဲ့ သွားဆရာဝန်ဆီအမြန်ဆုံးသွားပြပေးဖို့ လိုအပ်တယ်နော်။ ကလေးတွေမှာအဖြစ်များတာမှန်ပေမယ့် ဆယ်ကျော်သက်နဲ့ အသက် ၂၀ နောက်ပိုင်းမှာတော့ သူ့အလိုလိုပျောက်ကင်းသွားတာမျိုးတွေလည်းရှိပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်ဆီ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပုံမှန်ပြသပေးပါ။ သွားကြိတ်တဲ့အကျင့်ရှိရင် ရာဘာအံစွပ်လေးတွေ အသုံးပြုမယ်ဆိုလည်းအဆင်ပြေပါတယ်။

















