ဆိုင်ကယ်နှစ်စီးကို လိုက်လံရောင်းချသူသုံးဦးကို ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးရာမှ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများအတွင်းမှ ဆိုင်ကယ် ၁၃ စီးခိုးယူမှုပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် အေလာမြို့မြို့သစ်(၅)လမ်းပေါ်၌ ဆိုင်ကယ် လိုက်လံရောင်းချနေသူ ဇမ္ဗူသီရိမြို့နယ်နေအောင်ဇော်ဦး(ခ) ရဲရင့် (ခ)ငဒူ(၂၀)နှစ် နှင့် ဒက္ခိဏသီရိမြို့နယ်နေကိုစိုး(ခ)မဲကြီး (၁၉)နှစ်၊ မျိုးသူ(၁၉)နှစ်တို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အေလာနယ်မြေရဲစခန်းမှ ဒုရဲအုပ်သက်အောင်နှင့်အဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့သည်။
၎င်းတို့ သုံးဦးကိုစစ်ဆေးရာ ဆိုင်ကယ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာပြ သနိုင်ခြင်းမရှိသဖြင့် အေလာနယ်မြေ ရဲစခန်းက(ပ)၁၁၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်ခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အဆိုပါ ဆိုင်ကယ်နှစ်စီးကို ဇူလိုင် ၂၉ ရက် ည ၁၂ နာရီခန့်တွင် ဧက(၁၀ဝ၀) ဝန်ထမ်းအိမ်ရာအတွင်းရှိ အိမ်ရာစင်ဝင်အောက်မှ ဇက်သော့ချိုး၊ဆော့ကတ်ဖြုတ်ကာ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အလားတူ လွန်ခဲ့သော ၁၀ ရက်ခန့်က ကိုစိုး(ခ)မဲကြီးနှင့် အောင်ဇော်ဦး(ခ) ရဲရင့်(ခ)ငဒူတို့ကဇမ္ဗူသီရိမြို့နယ်၊ဓနသိဒ္ဓိရပ်ကွက်၊ဝန်ထမ်းအိမ်ရာအတွင်းမှ SHAYAN 110 တစ်စီးကိုလည်းကောင်း၊လွန်ခဲ့သော(၁၅)ရက်ခန့်ကဇမ္ဗူသီရိမြို့နယ်၊သုခသိဒ္ဓိရပ်ကွက်ဝန်ထမ်းအိမ်ရာအတွင်းမှTARYAN110ဆိုင်ကယ်တစ်စီးကိုလည်းကောင်း ခိုးယူခဲ့သည်။
အလားတူ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများမှ ဆိုင်ကယ် ၁၁ စီးကို အောင်သက်ပိုင်၊ သန်းတိုးအောင်၊ကိုပိုင်တို့သုံးဦးတို့နှင့်အတူ ဇက်သော့ချိုး၊ ဆော့ကတ်ဖြုတ်ခိုးယူမှု ထပ်မံပေါ်ပေါက်ခဲ့ သောကြောင့် ၄င်းတို့ သုံးဦးကို ဆက်လက်ဖမ်းဆီးကာ သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့သည်။
၄င်းတို့ ခိုးယူခဲ့သည့် ဆိုင်ကယ် ၁၃ စီးကို ရောင်းချထားသည့်နေရာများမှ သြဂုတ် ၄ ရက်တွင် သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းခဲ့သည်။ခိုးယူခံရသည့်ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

















