ချမ်းအေးသာဇံမြို့နယ်တွင် ခရီးသည်သုံးဦးကို ခြိမ်းခြောက်ငွေတောင်းခံသူ ဆိုင်ကယ်ကယ်ရီသမား ငါးဦးအား ရဲတပ်ဖွဲ့က သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့သည်။
သြဂုတ် ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော် လယ်ဝေးမြို့နေ ဟိန်းမင်းလတ်သည် တစ်ရွာတည်းနေ သူရဦးနှင့် သန်းလင်းဇော်တို့နှင့်အတူ ကန့်ဘလူမြို့မှ နေပြည်တော်သို့ ပြန်ရန် ကန့်ဘလူမှ မန္တလေးသို့သွား ခရီးသည်တင်ကားဖြင့် လိုက်ပါခဲ့သည်။
သြဂုတ် ၅ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် မန္တလေးမြို့၊ သီရိမင်္ဂလာကားဂိတ်သို့ရောက်ရှိပြီး ဟိန်းမင်းလတ်ပါ သုံးဦးက ကျွဲဆည်ကန်ကားကြီးဝင်းသို့သွားရန် ဆိုင်ကယ်ကယ်ရီ သုံးစီးငှားရာ တစ်ယောက်လျှင် ၂၀ဝ၀ ကျပ်ပေးရမည်ဖြစ်ကြောင်းပြောသဖြင့် လိုက်ပါလာခဲ့သည်။
ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများက ကျွဲဆည်ကန်ကားကြီးဝင်းသို့ ပို့ဆောင်ခြင်းမရှိဘဲ ၇၇ လမ်း၊ ၃၁x၃၂ လမ်းကြားရှိ ငြိမ်းချမ်းကားဂိတ်သို့ပို့ဆောင်ကာ ကားလက်မှတ်ဝယ်ခိုင်းခဲ့သည်။ထို့ကြောင့် ဟိန်းမင်းလတ်က ကားလက်မှတ်သွားဝယ်ရာ မန္တလေးမှ နေပြည်တော်သို့ တစ်ဦးလျှင် ၁၂၀ဝ၀ ကျပ်ပေးရမည်ဖြစ်ကြောင်းပြောသဖြင့် မဝယ်ဘဲကားဂိတ်မှပြန်ထွက်ခဲ့သည်။
ဆိုင်ကယ်ကယ်ရီမောင်းသည့် အမည်မသိ အမျိုးသားလေး ဦးအပြင် နောက်ထပ်အမည်မသိအမျိုးသား တစ်ဦးက ဟိန်းမင်းလတ်တို့ထံမှ ကယ်ရီခတောင်းသဖြင့် သူရဦးက ကယ်ရီခ ၆၀ဝ၀ ကျပ်ပေးလိုက်ပြီဖြစ်ကြောင်းပြောရာ ၎င်းတို့ ငါးဦးက ငွေ ၆၀ဝ၀ ကျပ်မှာဂိတ်ကြေးဘဲရှိသေးကြောင်း၊လမ်းတစ်ပြလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် လမ်း(၁၈)ပြအတွက် တစ်ဦးလျှင် ၃၂၀ဝ၀ ကျပ် သုံးဦးအတွက် ၉၆၀ဝ၀ ကျပ်ပေးရမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
ဟိန်းမင်းလတ်က မပေးနိုင်ကြောင်းပြောစဉ် ၎င်းတို့ထဲမှ တစ်ဦးက သူရဦး၏ခြေထောက်ကိုကန်ပြီး သန်းလင်းဇော်၏ ရင်ဘတ်ကိုစောင့်တွန်းခဲ့သည်။
သန်းလင်းဇော်က ဖုန်းဆက်ရန်လုပ်စဉ် ၎င်းအမျိုးသားကကြိုက်တဲ့သူဆက်ဒီနားမှာငါ့ထက်မိုက်တာမရှိဘူး တစ်ယောက်ချင်းထိုးမလားဟုပြော၍ ၅၅၀ဝ၀ ကျပ်ပေးခဲ့ရသည်။
ခဏအကြာတွင် လှည့်ကင်းဆောင်ရွက် နေသောရဲတပ်ဖွဲ့ဝင်များနှင့်တွေ့သဖြင့် ဟိန်းမင်းလတ်က ဖြစ်စဉ်ကိုပြောပြရာ ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ငါး ဦးကိုလိုက်လံဖမ်းဆီးခဲ့သည်။
လေးဦးသည် ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားသဖြင့် အောင်မြေသာစံမြို့နယ်နေ မန်းဝင်း ၂၉ နှစ်ကိုဖမ်း ဆီးရမိခဲ့သည်။
အမှုတွင်ပါဝင်သူ အောင်မြေသာစံမြို့နယ်နေ ချစ်စံဝင်း ၂၄ နှစ်၊ ဇော်ဦး ၂၃ နှစ်၊လှိုင်မြင့် ၃၃ နှစ်နှင့် အောင်ဌေးလှိုင် ၃၉ နှစ်တို့ကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၁x၃၂ လမ်းကြား၌ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ ငါးဦးကို ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

















