မနက်ကပဲ မိတ်ကပ် လေးမှုန်မှုန်ညက်ညက်လိမ်းလာတယ်။ နေ့ခင်းကျတော့ မျက်နှာကြီးက အဆီပြန်ပြီးဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မနက်ကလိမ်းလာတဲ့ မိတ်ကပ်တွေ ဘယ်ရောက်သွားမှန်းမသိ၊ ရုပ်လည်းဆိုးသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို အဆီပြန်တဲ့သူတိုင်းသိကြမှာပါ။
သူများတွေမိတ်ကပ်လေးတွေနဲ့ လှသလိုကိုယ်လည်းလှချင်တာပေါ့။ ခက်တာကအဆီပြန်နေတဲ့ကိုယ့်မျက်နှာအသားအရေကြီးကခံနေတော့ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်းခဏလောက်ပဲခံပြီးတော်ကြာ အဆီပြန်ပြီးကွက်လာလို့ စိတ်ညစ်နေတဲ့သူတိုင်းခုပြောပြမယ့် နည်းလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။
အဆီပြန်တဲ့ သူတိုင်းသိထားသင့်တဲ့ မိတ်ကပ်လိမ်းနည်း
မိတ်ကပ်မလိမ်းခင် အရင်ဆုံလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကတော့
• အောက်ခံအသားအရေကောင်းမှ အပေါ်ကတင်လိုက်တဲ ့မိတ်ကပ်ကလှမှာဆိုတော့ ကိုယ့်မျက်နှာပေါ်ကဆဲလ်သေတွေကိုတစ်ပတ်တစ်ခါ scrub သုံးပြီးဖယ်ရှားပေးပါ။ ဒါမှ အဆီပိုတွေကြောင့် ဖြစ်တဲ့ ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံဖြစ်တာတွေ လုံးဝမရှိတော့မှာနော်။
• ကိုယ်သုံးတဲ့ မျက်နှာသစ်ဆေးကလည်းမျက်နှာပေါ်ကပိုနေတဲ့အဆီတွေကိုအနက်ရှိုင်းဆုံးသန့်စင်ပေးနိုင်တာ ဖြစ်ဖို့လိုပါသေးတယ်။
• Toner သုံးပါ။ Toner သုံးလိုက်တာကြောင့် ပွင့်နေတဲ ့ချွေးပေါက်တွေပိတ်သွားပြီး အဆီပြန်တာတွေကိုသက်သာစေမှာပါ။
• မိတ်ကပ်မလိမ်းခင် အရင်ဆုံး moisturizer သုံးပါ။ သာမာန် အစိုထိန်းခရင်မ် moisturizer မဟုတ်ဘဲ hyaluronic acid ပါတဲ့ moisturizer တွေ ရွေးချယ်အသုံးပြုပါ။ moisturizer သုံးထားတော့ မျက်နှာမှာရေဓာတ်ရှိနေရင် အဆီတွေ တော်ရုံထွက်မလာတော့လို့ အဆီဂလင်းတွေ သိပ်အလုပ်မလုပ်ရတော့ပါဘူး။ ဒါ့ကြောင့် မျက်နှာ အဆီပြန်နေပေမယ့် moisturizerသုံးပေးဖို့လိုပါတယ်။
မိတ်ကပ်လိမ်းတဲ့အခါ ရွေးချယ်သင့်တာတွေက
• Foundation မလိမ်းခင် အရင်ဆုံး Primer လိမ်းပါ။ Primer ဆိုတာလိမ်းလိုက်တဲ့ မိတ်ကပ်သားကိုညီပြီးမွတ်နေအောင် စွမ်းဆောင်ပေးတဲ ့အောက်ခံမိတ်ကပ်တစ်မျိုးဖြစ်ပြီး အဆီပြန်တဲ့သူတွေကအဆီမပါ ပြောင်ပြောင်လေးမဖြစ်စေမယ့် Matte primer အမျိုးအစားကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Primer လိမ်းတဲ့အခါ မျက်ခွံလေးကိုပါ ပါးပါးလေးလိမ်းပေးဖို့ မမေ့ပါနဲ့။
• Concealer ကွန်စီလာသုံးပါ။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တော်တော်များများဟာဝက်ခြံပြဿနာနဲ့ မျက်နှာနီမြန်းတဲ့ ပြဿနာတွေရှိတဲ့အတွက်ကြောင့် ကွန်စီလားသုံးပြီးဖုံပေးဖို့လိုပါတယ်။ ဒါပေမယ့် ဒီကွန်စီလာတွေကြောင့် ဝက်ခြံပိုပေါက်တာမဖြစ်စေဖို့အတွက် ပါးပါးလေးလိမ်းနဲ့ အဆီမပါ အရည် ကွန်စီလာအမျိုးအစားသုံးပေးဖို့လိုပါတယ်။
• အောက်ခံမိတ်ကပ် Foundation သုံးတဲ့အခါမှာလည်း အဆီပြန်တဲ ့အ သားအရေအတွက်ထုတ်ထားတဲ့ အမျိုးအစားတွေကိုရွေးချယ်ပါ။ liquid အရည်ပုံစံဖြစ်ရင် ပိုကောင်းပါတယ်။ ဘူးတွေနောက်မှာ oily free, liquid type, mattifying, non-comedogenic ဆိုတဲ့ စာသားလေးတွေ ရှာကြည့်ဖို့တော့ လိုပါလိမ့်မယ်။
• နောက်ဆုံးအဆင့်အနေနဲ့တော့ မှုန်ညက်တဲ့ မျက်နှာလေးတစ်ခုပိုင်ဆိုင်ဖို့အတွက် ပေါင်ဒါလေးနဲ့ အဆုံးသတ်ပါ။ ပေါင်ဒါသုံးရင်လည်း 2 way ပေါင်ဒါတွေအစား loose powder အမှုန့် အမျိုးအစားကိုရွေးချယ်ပါ။

















