ကျင်းပပြီးစီးခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ်- ၁၉ပွဲစဉ်တစ်ပွဲဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းပွဲစဉ်တွင် ပရိသတ်အချို့ ကွင်းအတွင်းသို့ အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းကို စည်းကမ်းထိန်းသိမ်းေးရး ကော်မတီက ဒဏ်ကြေးချမှတ်ခဲ့သည်။
နောက်ဆုံးအကြိမ် သတိပေး
တောင်ကြီးကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရှမ်းနှင့်ရတနာပုံအသင်းပွဲစဉ်၏ ပွဲချိန် ၇၂မိနစ်ဝန်းကျင်တွင် ပွဲကြည့်စင် အရှေ့ဘက်တန်းရှိ ပရိသတ်အချို့မှ ရေသန့်ဗူးများ၊ အချိုရည်ဗူးများ၊ ဝီစကီပုလင်းခွံ(ဖန်ပုလင်းများ)နှင့် ကွမ်းသွေးထုပ်များ စသည့် အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ပြိုင်ပွဲအား ခေတ္တရပ်နားခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စည်းကမ်းထိန်းသိမ်းကော်မတီမှ အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းအား ဒဏ်ကြေးငွေကျပ် ၁၅ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက်နောင် ယခုကဲ့သို့ ထပ်မံ မဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်သွားရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ်
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် အလားတူ ဖြစ်ရပ် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုဖြစ်ရပ်မှာ တတိယအကြိမ် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ်-၂၀အဖြစ် သြဂုတ် ၁၁ရက်တွင် အိမ်ကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းကို လက်ခံကစားရမည်ဖြစ်သည်။















