ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယူရို ၈ သန်း ထောက်ပံ့

ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယူရို ၈ သန်း ထောက်ပံ့

မြန်မာနိုင်ငံရှိ ကဏ္ဍပေါင်းစုံပါဝင်နိုင်သော ရေရှည်တည်တံ့နိုင်မည့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယူရို ၈ သန်း ထောက်ပံ့ခြင်းအာဆီယံဒေသတွင်းပေါင်းစည်းရေးနှင့် မြန်မာနိုင်ငံကုန်သွယ်ရေးဆိုင်ရာအထောက်အကူပေးရေး (ARISE Plus Myanmar)  တို့နှင့် ပတ်သက်သည့် ငွေကြေးထောက်ပံ့ခြင်းသဘောတူညီချက်စာချုပ် လွှဲပြောင်းပေးအပ်မှု အခမ်းအနားကို၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။

ဤအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC)၊ ကုန်သွယ်ရေးဌာန အမှုဆောင်ဒါရိုက်တာ ဦးမင်းမင်း၊ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေးဌာန (EUD) အကြီးအကဲ Dr. Johann Hesse နှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေး ဌာနနှင့် နိုင်ငံတကာကုန်သွယ်ရေးဌာန (ITC) တို့မှ အရာရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဥရောပသမဂ္ဂသည် ARISE Plus Myanmar စီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်ရန် ယူရို ၈ သန်းကို လေးနှစ်တိုင်တိုင် ထောက်ပံ့မည်ဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေးဌာန (ITC) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) နှင့် ပူးပေါင်း၍ ၎င်းစီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်မည် ဖြစ်သည်။

 အာဆီယံစီးပွါးရေးအသိုက်အဝန်း (AEC) ၏ ၂၀၂၅ ခုနှစ် စီးပွါးရေးစီမံချက်ပုံစံအတိုင်း ပဏာမအားဖြင့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့အကြား ဆက်သွယ်မှုပိုမို တိုးပွါးလာစေရန်နှင့် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေရန် ရည်ရွယ်သည်။

“မြန်မာနိုင်ငံရှိ ကဏ္ဍပေါင်းစုံပါဝင်နိုင်သော ရေရှည်တည်တံ့နိုင်မည့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန် ယခုကဲ့သို့ ငွေကြေးထောက်ပံ့မှုအတွက် ဥရောပသမဂ္ဂကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဤသည်မှာ ရေရှည်တည်တံ့နိုင်သော တိုးတက်ရေးရည်မှန်းချက်များ ရှေ့ဆက်နိုင်ရန် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ခိုင်မာသော ကတိကဝတ် ဖြစ်ကြောင်း” ကုန်သွယ်ရေးဌာန အမှုဆောင်ဒါရိုက်တာ ဦးမင်းမင်းမှ နေပြည်တော်တွင် ကျင်းပခဲ့သော လွှဲပြောင်းပေးအပ်မှု အခမ်းအနားတွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ပိုမိုများပြားကျယ်ပြန့်စေရန်နှင့် ဒေသတွင်းရော၊ နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်နိုင်ရန် ARISE Plus Myanmar စီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထိုကဲ့သို့သော အရေးပါသည့် ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် ဥရောပသမဂ္ဂသည် အထောက်အပံ့ပေးရန် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း” မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေးဌာန (EUD) အကြီးအကဲ Dr. Johann Hesse က ပြောကြားခဲ့သည်။

အာဆီယံဒေသတွင်း၊ ဥရောပသမဂ္ဂနိုင်ငံများအတွင်းနှင့် ကမ္ဘာ့ဈေးကွက်တို့တွင် စီးပွါးရေးအခွင့်အလမ်းများ ရှာဖွေနိုင်စေရန် ARISE Plus Myanmar သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (MSMEs) အား ယူရို ၈သန်း ကူညီထောက်ပံ့ပေးမည် ဖြစ်သည်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများနှင့်အညီ ပိုးမွှားရောဂါကာကွယ်ရေးစံနှုန်း (SPS) အတိုင်း လေးစားလိုက်နာစေရန်ကိုလည်း ရည်ရွယ်သည်။

 စီမံကိန်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ ကုန်သွယ်ရေးမူဝါဒကို ချမှတ်နိုင်၍ ဒေသဆိုင်ရာ (ASEAN) နှင့် နိုင်ငံတကာဆိုင်ရာ (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ - WTO, EU) ရင်းနှီးမြှုပ်နှံမှုများ ရယူနိုင်သည့်အပြင် တန်ဖိုးမြှင့်ကွင်းဆက်ကုန်ထုတ်လုပ်မှုစနစ်ဖြင့် ကုန်သွယ်ရေးအဟန့်အတားများ(NTBs)အား  လျော့ကျစေရန် ရည်ရွယ်ပါသည်။ပို့ကုန်အလေးပေးဆောင်ရွက်ရေး အခန်းကဏ္ဍများနှင့် အစိုးရမဟာဗျူဟာနှင့်အညီ တရားမျှတ၍ ကဏ္ဍပေါင်းစုံပါဝင်နိုင်သော ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးရေးတို့ကို ARISE Plus Myanmar က ကူညီထောက်ပံ့နိုင်ရန် မျှော်လင့်သည်။

 ထုတ်ကုန်တန်ဖိုးနှင့် ကုန်ထုတ်အားကောင်းသော စက်ရုံများ ပိုမိုတိုးတက်လာရန်အတွက် စီးပွါးရေးကို ချဲ့ထွင်ရာတွင် အကူအညီဖြစ်စေပါသည်။ ၎င်းသည် အမျိုးသမီးများအတွက် အလုပ်သမားဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန်နှင့် လုပ်ခလစာ ပိုမိုကောင်းမွန်သော အလုပ်များ ရရှိနိုင်မည့် အခွင့်အလမ်းအသစ်များကို ဖြစ်ပေါ်စေသည်။

 ထို့အပြင် စီမံကိန်းသည် ကုန်သွယ်ရေးစည်းမျဉ်းများ၏ ပွင့်လင်းမြင်သာမှုကို တိုးမြင့်စေပြီး တန်ဖိုးမြှင့်ကွင်းဆက်ကုန်ထုတ်လုပ်မှု စနစ်အတွင်း ဝင်ရောက်ရာတွင် အမျိုးသမီးဦးဆောင်သော စီးပွါးရေးလုပ်ငန်းများတွင် ရင်ဆိုင်ရမည့် အတားအဆီးများကိုလည်း ဖော်ညွှန်းပြထားပါသည်။ အမျိုးသမီးစီးပွါးရေးလုပ်ငန်းရှင်များဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် စီးပွါးရေးအဖွဲ့အစည်းများ၏ အဆိုပြုတိုက်တွန်းလှုံ့ဆော်မှုဆိုင်ရာ ကြိုးစားအားထုတ်မှုကိုလည်း အထောက်အပံ့ ဖြစ်စေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး