ဝင်းမွတ်အိစက်နေတဲ့ အသားအရေလေးပိုင်ဆိုင်ချင်လား

ဝင်းမွတ်အိစက်နေတဲ့ အသားအရေလေးပိုင်ဆိုင်ချင်လား

မလှချင်တဲ့လူဆိုတာလောကမှာမရှိသလောက် ရှားတယ်နော်။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် အပြိုင်လှဖို့ ကြိုးစားနေကြတဲ့ ခုလို ၂၁ ရာစုမှာမိန်းကလေးတွေသာမကယောကျာ်းလေးတွေပါ အရေပြားအလှအပနဲ့ အသားအရေထိန်းသိမ်းဖို့ကိုဂရုစိုက်လာကြတယ်နော်။ 

ဒီတော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိုယ့်အသားအရေကိုဝင်းမွတ်ပြီးကိုင်လိုက်တာနဲ့ အိစက်ညက်ညောတာမျိုးလိုချင်တယ်ဆိုရင်တော့ ခုပြောပြမယ့်နည်းလမ်းတွေအတိုင်းသေချာလိုက်နာဖို့တော့ လိုမယ်နော်။

၁။ စားမယ့်အစားအစာကိုဂရုစိုက်ပေးပါ။

ကိုယ်ကအသားအရေတော့ကောင်းချင်တယ်၊ စားချင်တာတွေပဲလျှောက်စားနေလို့တော့ မဖြစ်ဘူးနော်။ လှချင်ရက် စက်စက်ယိုဆိုသလိုပဲကိုယ်ကလှချင်ရင်တော့ အလှပျက်စေမယ့် အစားအစာမျိုးတွေတော့ ရှောင်ဖို့ လိုတာပေါ့။

 ဘာတွေကိုအဓိကစားပေးမလဲဆိုရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကိုအဓိကစားပေးရမယ်။ အစေ့အဆန်၊ ပဲအမျိုးမျိုးကိုလည်းမမေ့သင့်ဘူးနော်။ ဘာတွေရှောင်မလဲဆိုရင် အဆီများတဲ့ အစားအစာ၊ အကြော်အလှော်၊ အသင့်စားအစားအစားတွေ၊ တာရှည်ခံအစားအစာတွေ၊ အစပ်တွေကိုလျှော့စားရပါမယ်။

၂။ ကိုယ်ခန္ဓာမှာရေဓာတ်ပြည့်ဝနေပါစေ။

ကျန်းမာစိုပြေတဲ့ အရေပြားအတွက် ရေဓာတ်က ခန္ဓာကိုယ်အတွင်းကနေအာဟာရဓာတ်ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် ရေကို ၃လီတာမှ ၄လီတာအထိ သောက်ပေးပါ။ ရေအပြင် ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ အသီးအနှံတွေနဲ့ စိမ်ထားတဲ့ Detox water တွေ၊ သဘာဝသစ်သီးကို ကြိတ်ထားတဲ့ဖျော်ရည်တွေ၊ အုန်းရေကိုသောက်ပေးလို့လည်းရပါတယ်။ ဒီလိုမျိုးနေ့တိုင်းရေကိုလိုအပ်တဲ့ပမာဏ ပြည့်မီအောင် သောက်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာကိုယ့်အသားအရေလေးတောက်ပလာတဲ့ ရလဒ်ကိုတွေ့ရမှာပါ။ ကော်ဖီ၊ ဂက်စ်ပါတဲ့ အအေးတွေ၊ အရက်သေစာတွေကိုတော့ တတ်နိုင်သလောက် ရှောင်ပေးပါ။

၃။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်ရမှာ မနှမြောပါနဲ့။

အသားအရေထိန်းသိမ်းတဲ့ နေရာမှာတကယ့်ကျွမ်းကျင်ပညာရှင်တွေလိုဈေးအရမ်းကြီးတာ၊ နာမည်ကြီးတံဆိပ်တွေ ဝယ်မှရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်အသားအရေနဲ့လည်းကိုက်ညီမယ်၊ ကိုယ်သေချာသုံးကြည့်ပြီးထူးခြားတဲ့ အာနိသင်ပြတယ်ဆိုရင် အဆင်ပြေပါတယ်။ မျက်နှာသစ်တဲ့အခါ သုံးဖို့ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာ၊ ခြောက်အောင်သုတ်ပြီးသွားတဲ့အခါ လိမ်းဖို့ အစိုဓာတ်ထိန်းခရင်မ်၊ ကိုယ်ခန္ဓာအတွက် Body Lotion ဒီလိုပုံမှန်သုံးဖို့ လိုအပ်တဲ့အရာတွေကိုအဓိကဝယ်ပေးပါ။ နေ့တိုင်းမှန်မှန်သုံးဖို့လည်းမမေ့ပါနဲ့။

၄။ ရာသီအကူးအပြောင်းကိုမမေ့လိုက်ပါနဲ့။

ဘယ်အသားအရေမျိုးမဆို ပြဿနာအဖြစ်ရဆုံးရာသီဆိုတာရှိတယ်နော်။ ဥပမာမျက်နှာအဆီပြန်တဲ့သူဆိုရင် နွေရာသီပူတဲ့အချိန်မျိုးမှာမျက်နှာအဆီတဝင်းဝင်းဖုန်သဲတရှပ်ရှပ်နဲ့ ဝက်ခြံတွေကဆက်တိုက်ထွက်တာမျိုး၊ အသားခြောက်တဲ့သူတွေကျပြန်တော့လည်းအေးတဲ့အချိန်ဆိုရင် အသားတွေကမွဲခြောက်ခြောက်နဲ့ အသားဖတ်တွေ ကွာပြီးလန်နေရတာနဲ့ တော်တော်လေးကိုစိတ်ညစ်စရာကောင်းတယ်နော်။ အဲ့ဒါကြောင့် ကိုယ်ကဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲ၊ ကိုယ့်အတွက် ဘယ်လိုအချိန်တွေမှာအသားအရေထိန်းသိမ်းမှု ပိုလုပ်သင့်လဲဆိုတာသေချာသိထားဖို့ အရေးကြီးပါတယ်။

၅။ အမြဲတမ်းမျက်နှာသစ်ပြီးမှ အိပ်ပါ။

တစ်နေ့ မျက်နှာကို နှစ်ကြိမ်သစ်ဖို့ လိုအပ်တယ်ဆိုတာလူတိုင်းသိမှာပါ။ ဒါပေမယ့်လည်းလူ့သဘာဝတစ်ခါတလေအလုပ်အရမ်းများပြီးအိမ်ပြန်လာတာလည်းနောက်ကျသွားတယ်၊ ပြီးတာနဲ့ အဝတ်အစားလဲပြီးဘာမှသန့်ရှင်းရေးမလုပ်ဘဲတန်းအိပ်လိုက်တဲ့အကျင့်ပေါ့။ အဲ့အကျင့်က အသားအရေကိုတော်တော်လေးပျက်စီးစေပြီး မြန်မြန်အိုမင်းရင့်ရော်စေတယ်ဆိုတာသိထားသင့်တယ်နော်။

၆။ တစ်ပတ်တစ်ကြိမ်လောက် အရေပြားကိုကြေးတွန်းပါ။

ကြေးတွန်းတယ် (Exfoliation) လုပ်တယ်ဆိုတာခုခေတ်မှာတော့ တော်တော်လေးခေတ်စားလာပါပြီ။ အရေပြားပေါ်ကဆဲလ်အသေတွေ စုပြုံလာရင် အသားအရေကပျက်စီးပြီးမွဲခြောက်သွားတတ်တာမို့ ဒီလိုဆဲလ်အသေတွေကို ဖြည်းဖြည်းချင်းခွာချပေးဖို့ Scrub နဲ့ ဖြည်းဖြည်းချင်းတိုက်ပေးရတာပါ။ ဒါကိုနေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး။ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် ၂ကြိမ်လောက် လုပ်ပေးရင် အဆင်ပြေပါတယ်။

၇။ Mask ကပ်ပါ။

Mask မှာကအရေပြားအတွင်းထဲထိအာဟာရဓာတ်၊ အစိုဓာတ်၊ ရေဓာတ်တွေ အားလုံးစိမ့်ဝင်သွားစေပြီးအသားကိုလည်းအေးမြစေလို့ ရာသီမရွေး၊ ကိုယ်နဲ့လိုက်ဖက်တဲ့ mask မျိုးရွေးဝယ်ပြီးကပ်သင့်တယ်နော်။ ဒီလို Mask ကပ်တာကိုသောကြာနေ့ည၊ စနေညလိုမျိုးပိတ်ရက် ညအိပ်ခါနီးအချိန် ကပ်ပေးတာပိုကောင်းပါတယ်။ ရုံးပြန်တက်တဲ့အချိန်ကျ ကိုယ့်အသားလေးကသူများတွေထက် ပိုပြီးဝင်းပစိုပြေနေမှာပေါ့။

အသားအရေထိန်းသိမ်းဖို့ကိုနေ့ရွှေ့ညရွှေ့တွေ လုပ်မနေနဲ့တော့နော်။ ခုပြောပြပေးခဲ့တဲ့ နည်းလမ်းတွေအတိုင်းသေချာလေးလုပ်ပေးသွားမယ်ဆိုရင် အချိန်တိုအတွင်းသိသာထင်ရှားစွာပြောင်းလဲလာတဲ့ အသားအရေလေးကိုပိုင်ဆိုင်ရမှာအသေအချာပါပဲ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021