အိန္ဒိယ၌ကျင်းပသည့် မသန်စွမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာ ပထမဆုဆွတ်ခူး

အိန္ဒိယ၌ကျင်းပသည့် မသန်စွမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာ ပထမဆုဆွတ်ခူး

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ကျင်းပခဲ့သည့် အာရှနိုင်ငံများ Special Olympics International Football Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဉာဏ်ရည်မသန်စွမ်းသူများ ဘောလုံးအသင်းက ပထမဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အုပ်စုသုံးခုခွဲ

အဆိုပါပြိုင်ပွဲကို သြဂုတ်၂ရက်မှ ၈ရက်အထိ ကျင်းပခဲ့ပြီး အရှေ့တောင်အာရှနှင့် အာရှမှပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ သြစတြေးလျ ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ အိန်္ဒိယစသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ  အသင်းပေါင်း၁၀ သင်းဖြင့် အုပ်စု သုံးခုခွဲကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အသင်းတစ်သင်းလျှင် ငါးယောက်ထားကစားပြီး ပထမပိုင်း၁၅မိနစ်ကစား ငါးမိနစ်နား ၊ ဒုတိယပိုင်း ၁၅မိနစ်ကစားပုံစံဖြင့် ပြိုင်ပွဲအားကျင်းပခဲ့ကြသည်။

ဆွတ်ခူး

အုပ်စုပွဲစဉ်များယှဉ်ပြိုင်အပြီးတွင် အုပ်စု(က)၌ မလေးရှား အသင်းက ပထမ၊ ဘင်္ဂလားဒေ့ရှ် အသင်းက ဒုတိယနှင့် တောင်ကိုရီးယားအသင်းက တတိယ၊ အုပ်စု(ခ)တွင် အီဂျစ်အသင်း က ပထမ၊ သြစတြေးလျ အသင်းက ဒုတိယနှင့် မော်လဒိုက်အသင်းက တတိယ၊  အုပ်စု(ဂ)တွင် မြန်မာအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်း က ဒုတိယ နှင့် အိန်္ဒိယ (ခ)အသင်းက တတိယဆု ဆွတ်ခူးခဲ့ကြသည်။

ကြိုဆိုခဲ့

မြန်မာဉာဏ်ရည်မသန်စွမ်းသူများ ဘောလုံးအသင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်(ငြိမ်း) ၊ အုပ်ချုပ်၊ နည်းပြနှစ်ဦး၊ ကစားသမားရှစ်ဦး စုစုပေါင်း ၁၁ ဦးတို့ ပါဝင်ခဲ့သည်။

အောင်ပွဲရ မြန်မာဉာဏ်ရည်မသန်စွမ်းသူများဘောလုံးအသင်းသည် သြဂုတ် ၈ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ Special Olympics မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ဆုရအားကစားသမားများ၏ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး