ကီဝီသီးကိုစားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီးကိုစားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီးလေးတွေကိုမကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်းအနံ့လေးကလူကိုလန်းဆန်းစေပြီးချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီးဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ ဖောလိတ်ဓာတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓာတ်တွေကြွယ်ဝတာကသူ့ရဲ့အားသာချက်ပါ။
 

အမျှင်ဓာတ်ပါဝင်မှုလည်းမနည်းသလိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကိုအခုဆိုစူပါမားကတ်တွေမှာလွယ်လွယ်ကူကူရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက် ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာကအသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။

ကီဝီသီးကဘာများကောင်းလို့လဲ
ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကို အောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် –

(၁) ကိုယ်ခံအားကောင်းစေတယ်
ကီဝီသီးကအရွယ်အစားသာ သေးတာ၊ ကီဝီတစ်လုံးဆိုအနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီးဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာအရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ ဗီတာမင် C က ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ခန္ဓာကိုယ်အတွင်းမှာဆဲလ်တွေကိုထိခိုက်မှုမရှိအောင် ကာကွယ်ပေးပြီးဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလိုလည်းလုပ်ဆောင်ချက်ရှိပါတယ်။

(၂) ပန်းနာရင်ကျပ် သက်သာစေတယ်
ကီဝီသီးမှာပါတဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ပန်းနာရင်ကျပ်ရှိသူတွေအတွက် အကျိုးပြုပါတယ်။ ၂၀ဝ၀ ခုနှစ်ကသုတေသနတစ်ခုအရကီဝီအပါအဝင် လတ်ဆတ်တဲ့အသီးအနှံတွေ ပုံမှန်စားသုံးတဲ့သူတွေမှာအဆုတ်ရဲ့လုပ်ဆောင်ချက်ပိုကောင်းစေတာတွေ့ရပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူသံတရွှီရွှီဖြစ်နေတာတွေကိုပါ ကီဝီသီးကသက်သာစေနိုင်ပါတယ်။

(၃) အစာကြေစေတယ်
ကီဝီသီးနှစ်လုံးစာတစ်ပန်းကန်မှာအမျှင်ဓာတ် ၄ ဂရမ် ပါဝင်ပြီးအုတ်ဂျုံတစ်ပန်းကန်လုံးစာနဲ့ ညီမျှပါတယ်။ အခွံပါစားမယ်ဆိုရင် အမျှင်ဓာတ်ပိုပြီးရနိုင်ပါတယ်နော်(ကီဝီသီးမှည့်ကိုအခွံပါ တစ်လုံးလုံးစားလို့ရပါတယ်)။အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်တင်းတိမ်စေပြီးအလွန်အကျွံမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ကီဝီသီးမှာပါတဲ့ actinidinအင်ဇိုင်းကြောင့် ခန္ဓာကိုယ်တွင်းပရိုတင်းဖြိုခွဲမှုမှာအကူအညီပေးပြီးအစာခြေစနစ်ကိုအထောက်အပံ့ပေးပါတယ်။

(၄) သွေးတိုးကျစေတယ်
ကီဝီနှစ်လုံးစာမှာအနေတော်ငှက်ပျောသီးတစ်လုံးရဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှတဲ့ပမာဏပါရှိပါတယ်။ သူ့ရဲ့ပိုတက်စီယမ်ကြွယ်ဝမှုကြောင့် သွေးဖိအားကိုကျစေနိုင်တယ်။ ၂၀၁၁ ခုနှစ်ကသုတေသနအရတစ်နေ့ကိုကီဝီသီး ၃ လုံးစားတဲ့သွေးတိုးရှိသူတွေဟာ လေ့လာမှုကာလအပြီးမှာ သွေးဖိအားကိုထိန်းနိုင်တာကိုတွေ့ရပါတယ်။

(၅) မျက်စိအားကောင်းစေတယ်
ကီဝီသီးမှာ luteinနဲ့ zeaxanthinတို့ပါဝင်မှုများပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကခရမ်းလွန်ရောင်ခြည်၊ စီးကရက်ငွေ့နဲ့ လေထုညစ်ညမ်းမှုတို့လိုအရာတွေကြောင့် မျက်စိထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) သွေးခဲပိတ်ဆို့မှုကိုကာကွယ်ပေးတယ်
ကီဝီသီးက သွေးကျဲစေတဲ့အာနိသင်ပါရှိလို့ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းနဲ့ တခြားအရေပြားပြဿနာတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။
ကီဝီကိုအရင်ကစားလေ့မရှိဘူးဆိုရင် ကိုယ်စားသုံးမယ့်သီးနှံစာရင်းမှာအခုပဲထည့်ထားလိုက်ပါတော့။ အသီးအနှံလေးတွေမှာမတူညီတဲ့ပါဝင်မှုပမာဏနဲ့ အာဟာရဓာတ်မျိုးစုံပါဝင်ကြတာကြောင့် အသီးတစ်မျိုးတည်းကို ကြာရှည်စားနေတာထက် အပြောင်းအလဲလေးတွေစားကြည့်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021