ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်လျက်ရှိသော မြန်မာကိုယ်စားပြုကလပ် VUC အသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် သြဂုတ် ၁၀ရက် မြန်မာစံတော်ချိန် နံနက် ၁၁နာရီခွဲက အင်ဒိုနီးရှားကလပ် ဗားမို့စ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
ထပ်မံကြုံတွေ့
VUC အသင်းသည် ပထမပိုင်းတွင် ဗားမို့စ်အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သည်။ ဒုတိယပိုင်းတွင် ဗားမို့စ်အသင်းက သွင်းဂိုး နှစ်ဂိုးထပ်မံသွင်းယူခဲ့၍ ပွဲအပြီး၌ VUC အသင်း သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
VUC အသင်းသည် ပြီးခဲ့သည့်ရာသီက အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် အုပ်စု(က)တွင် ဗားမို့စ်အသင်းနှင့် တစ်အုပ်စုတည်းကျရောက် ခဲ့ဖူးပြီး ရှစ်ဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ ယခုနှစ်ရာသီတွင်လည်း ဗားမို့စ်အသင်းနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သဖြင့် VUC အသင်းမျာ ရှုံးကြွေးပြန်ဆပ်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။
အသုံးမချ
ပွဲစဉ်အပြီးတွင် VUC အသင်းနည်းပြချုပ် ဦးဌေးမြင့်က " သရေတစ်မှတ်ရမှ အုပ်စုတက်မှာ ဖြစ်တဲ့အတွက် အဲ့ရလဒ်ကိုရရှိအောင် ကြိုးစားခဲ့ကြပါတယ်။ အဓိက,ကတော့ ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ပါ" ဟု ပြောဆိုခဲ့သည်။
မျှော်လင့်ချက်
VUC အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း လက်ဘနွန်ကလပ် ဘီရွတ်အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့၍ အုပ်စုပွဲစဉ်နှစ်ပွဲယှဉ်ပြိုင်ပြီးရာတွင် နှစ်ပွဲစလုံးရှုံးနိ့မ့်ထားခဲ့သည်။ အခြားပွဲစဉ်၌ ရမှတ်သုံးမှတ် ရရှိထားသည့် လက်ဘနွန်ကလပ် ဘီရွတ်နှင့် ရမှတ်မရရှိသေးသည့် တာဂျကစ္စတန်ကလပ် ဆိုရိုအသင်းတို့သည် မြန်မာစံတော်ချိန် ညနေ၅နာရီခွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပွဲတွင် ဘီရွတ်အသင်း အနိုင်ရခဲ့ပါက ဘီရွတ်နှင့် ဗားမို့စ်တို့ နောက်တစ်ဆင့်တက်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက VUC အသင်းအတွက် အုပ်စုတက်ရေး မျှော်လင့်ချက်ရှိနေသေးသည်။
VUC အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၁၂ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီတွင် တာဂျကစ္စတန်ကလပ် ဆိုရိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။















