နောဝှစ်ချ်အား လီဗာပူး ဂိုးပြတ်နိုင်၊ အယ်လစ်ဆန် ဒဏ်ရာရခဲ့

နောဝှစ်ချ်အား လီဗာပူး ဂိုးပြတ်နိုင်၊ အယ်လစ်ဆန် ဒဏ်ရာရခဲ့

လီဗာပူးသည် သြဂုတ် ၉ ရက်က ပရီး မီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် နောဝှစ်ချ် အား လက်ခံကစားခဲ့ရာ လေးဂိုးတစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ၍ အဖွင့်လှခဲ့သည်။

လီဗာ ပူးအသင်းသည် ရာသီကြိုခြေစမ်းပွဲများ၌ ရလဒ်များမကောင်းခဲ့သော်လည်း ရာသီအဖွင့် ပွဲတွင်မူ လူစုံတက်စုံဖြင့် ဖိဖိစီးစီးကစား သွားခဲ့သည်။လီဗာပူးနည်းပြကလော့ပ်သည် တိုက်စစ်၌ ဖာမီနို၊ ဆာလက်ချ်နှင့်အိုရီဂီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်တွင် ဟန်ဒါဆန်၊ ဝစ်နယ်ဒန်နှင့်ဖာဘင်ဟိုတို့ ပါဝင်လာခဲ့သည်။

နောဝှစ်ချ်အသင်းမှာ တိုက်စစ်တွင် ပက်ကီကို အထောင်ထားကာ လီဗာပူးကိုရင်ဆိုင်ခဲ့သည်။ လီဗာပူးသည် ပွဲချိန်ခုနစ် မိနစ်တွင် လက်ဆောင်ဂိုးရခဲ့ပြီး နောဝှစ်ချ် နောက်ခံလူ ဟန်လေက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ ခြင်းဖြစ်သည်။ လီဗာပူးတောင်ပံတိုက်စစ်မှူး ဆာလက်ချ်မှာ ပွဲချိန် ၁၉ မိနစ်တွင် ဖာမီနို၏ ဖန်တီးမှုမှတစ်ဆင့် ဒုတိယဂိုးသွင်းပေးခဲ့ သည်။

လီဗာပူးသည် ပွဲကိုထိန်းချုပ်ကစား ကာ အဆုံးသတ်ကောင်းခဲ့ရာ ၂၈ မိနစ်၌ လည်း တတိယဂိုးရခဲ့ပြီး နောက်ခံလူ ဗန်ဒစ် သွင်းပေးခဲ့သည်။ နောဝှစ်ချ်သည် လီဗာပူး အသင်းနှင့် ကစားအားချင်းမယှဉ်နိုင်ခဲ့ဘဲ ၄၂ မိနစ်တွင် စတုတ္ထဂိုးထပ်ပေးခဲ့ရသည်။

လီဗာပူးအတွက်စတုတ္ထဂိုးကို အိုရီဂီက အာနိုး ၏ဖန်တီးမှုမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

နောဝှစ်ချ်အသင်းအတွက် တစ်လုံးတည်း သောချေပဂိုးကို တိုက်စစ်မှူးပက်ကီကပွဲချိန် ၆၄ မိနစ်တွင်သွင်းပေးခဲ့သည်။ လီဗာပူးသည် လက်ကျန်ပွဲချိန်များ၌အနိုင်ထိန်းခဲ့၍ လေးဂိုး တစ်ဂိုးဖြင့်အနိုင်ရကာ ပရိသတ်ငါးသောင်း ကျော်ရှေ့မှောက် သုံးမှတ်ပိုင်ဆိုင်ခဲ့သည်။

လီဗာပူးသည် အဖွင့်လှခဲ့သော်လည်း အဓိကဂိုးသမား အယ်လစ်ဆန်ဒဏ်ရာရခဲ့၍ စိုးရိမ်စရာဖြစ်လာခဲ့သည်။ အယ်လစ်ဆန် သည် ဘောလုံးကိုဂိုးရှေ့ကန်တင်ရန်ကြိုးစား စဉ် ခြေသလုံးကြွက်သားဒဏ်ရာရခဲ့သော ကြောင့် ၃၉ မိနစ်တွင် အက်ဒရီယန်နှင့် လူစားလဲခြင်းခံခဲ့ရသည်။ အသက်(၂၆)နှစ် အရွယ် အယ်လစ်ဆန်သည် ဒဏ်ရာကြောင့် မည်မျှနားရမည်ကို အသေးစိတ်မသိရသေး သော်လည်း ချယ်လ်ဆီးနှင့် ဥရောပစူပါ ဖလားပွဲ လွဲချော်တော့မည်ဖြစ်သည်။

လီဗာပူးသည် သြဂုတ် ၁၅ ရက်တွင် ချယ်ဆီးနှင့် ဥရောပစူပါဖလားကစားပြီး နောက် သြဂုတ် ၁၇ ရက်၌ ဆောက်သမ်တန် နှင့် ပရီးမီးယားလိဂ်ပွဲစဉ်(၂) ကစားမည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး