စမတ်ကျလှပတဲ့ လူငယ်လေး၊ လှပကြော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးအဖြစ် ကိုယ့်ရဲ့ ရင်သွေးလေးကို ကြီးပြင်းလာစေချင်တဲ့ မေမေဖေဖေတွေများရှိလား။ ဒါဆိုရင်တော့ စမတ်ကျလှပတဲ့အရွယ်ရောက်သူလေးဖြစ်လာစေဖို့ ကိုယ့်ရဲ့ရင်သွေးလေးကိုငယ်ငယ်ကတည်းကဘာတွေသင်ကြားပျိုးထောင်ပေးဖို့လိုမလဲဆိုတာကိုဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါ။
ငယ်စဉ်ကတည်းကပျိုးထောင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထများ
ကိုယ့်ရဲ့ ရင်သွေးလေးကိုငယ်စဉ်ကနေစပြီးဒီအလေ့အကျင့်လေးကိုပျိုးထောင်ပေးပါ။ ဒါမှ ကျန်းမာပြီးစမတ်ကျတဲ့လူငယ်လေး၊ လှပကြော့ရှင်းတဲ့ လေဒီလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။
လက်ဆေးတတ်အောင်သင်ပေးပါ
လက်ကနေတစ်ဆင့် ရောဂါပိုးတွေကအများကြီးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုငယ်စဉ်ကတည်းကလက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရှိနေအောင် ပျိုးထောင်ပေးထားသင့်ပါတယ်။ ကလေးကိုညစ်ပေတာတွေကိုင်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ အသားစိမ်း၊ငါးစိမ်းတွေကိုကိုင်တွယ်မိချိန်၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်ကြတဲ့ သွေး၊ဆီး၊ တံထွေးနဲ့အခြားသောအရာတွေကိုထိတွေ့ပြီးတိုင်း၊ တိရစ္ဆာန်လေးတွေကိုထိတွေ့ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ နှပ်ညှစ်ပြီးတိုင်း၊ ချောင်းဆိုးပြီးတိုင်း၊ အိမ်သာကဆင်းတိုင်း၊အစားစားပြီးတိုင်းမှာလက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကို မွေးမြူပေးပါ။ ဒါကရောဂါပိုးမွှားတွေကိုကာကွယ်ရာရောက်လို့ ကလေးကိုကျန်းမာစေဖို့လည်းအကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။
ရေပုံမှန်ချိုးတတ်တဲ့အလေ့အကျင့်မွေးမြူပေးပါ
ရေပုံမှန်ချိုးတတ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ဘေဘီလေးကိုပုံမှန်ရေချိုးတတ်တဲ့ အလေ့အကျင့်လေးရအောင် ပျိုးထောင်ပေးပါ။ ရေချိုးတာကစိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
ခံတွင်းသန့်ရှင်းရေးဂရုစိုက်တတ်အောင်သင်ပေးပါ
သွားနဲ့ခံတွင်းသန့်ရှင်းမှုကခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်ပေးသလို သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးဘဝကတည်းကမနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်တတ်တဲ့ အလေ့အထလေးမွေးမြူပေးပါ။ သွားတစ်ခါတိုက်ရင် နှစ် မိနစ်ကြာအောင် တိုက်တတ်တဲ့ အလေ့အကျင့်လေးကိုလည်း မွေးမြူပေးပါ။
ပုံမှန်ခေါင်းလျှော်တဲ့အလေ့အထပျိုးထောင်ပေးပါ
ကလေးတွေက ရေချိုးရတာကို ကြိုက်ကြပေမယ့် ခေါင်းလျှော်ရတာကိုတော့ မကြိုက်ကြပါဘူး။ ဒါပေမယ့် ခေါင်းလျှော်တာကလည်းဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဖြစ်တာကြောင့် ဘေဘီလေးဘဝကတည်းကပုံမှန်တစ်ပတ်ကိုတစ်ကြိမ်ခေါင်းလျှော်တဲ့ အလေ့အကျင့်လေးလုပ်ပေးပါ။ အသက်အရွယ်အလိုက် ခေါင်းလျှော်တဲ့ အကြိမ်ရေကိုတိုးပေးဖို့လည်းမမေ့ပါနဲ့။
လက်သည်းခြေသည်းညှပ်တတ်တဲ့အလေ့အထလုပ်ပေးပါ
လက်သည်းခြေသည်းတွေရှည်နေတာကမလိုအပ်ဘဲ ရောဂါတွေဝင်လာစေဖို့ အားပေးနေသလို ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက လက်သည်းရှည်နေရင်ဘာတွေဖြစ်တတ်တယ်ဆိုတာနားလည်အောင်ပြောပြပြီးလက်သည်းခြေသည်းတွေညှပ်တတ်တဲ့ အလေ့အထလေးကို မွေးမြူပေးပါ။
အသားအရေ ထိန်းသိမ်းတတ်အောင်သင်ပေးပါ
အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတော်တော်လေးသက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့်ကလေးကိုတစ်နေ့မှာ သုံး ကြိမ်လောက်မျက်နှာသစ်ဖို့လိုတဲ့အကြောင်းပြောပြဖို့လိုသလိုမျက်နှာကိုလက်နဲ့ကုတ်ဖဲ့တာ၊ ဆိတ်တာမျိုးတွေမလုပ်ဖို့လည်း ပြောပြဖို့လိုပါလိမ့်မယ်။ ဒါမှ အနာအဆာကင်းစင်တဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာပါ။
ချိုင်းသန့်ရှင်းဖို့လိုကြောင်းပြောပေးပါ
ငယ်စဉ်မှာအရေးသိပ်မကြီးပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ချိုင်းချွေးနံ့နံလာနိုင်တာကြောင့် စမတ်ကျတဲ့လူငယ်လေး၊လှပကြော့ရှင်းတဲ့ လေဒီလေးဖြစ်ဖို့ အနှောင့်အယှကြ်ဖစ်နိုင်တာကြောင့် ချိုင်းကိုပုံမှန်သန့်ရှင်းဖို့လိုကြောင်းနဲ့ လိုအပ်မယ်ဆိုရင် ချွေးနံ့ပျောက်အောင် တစ်ခုခုလိမ်းဖို့ လိုအပ်တဲ့အကြောင်း ပြောပြပေးထားပါ။
ခြေထောက်ကိုသန့်ရှင်းတတ်အောင်ပြောပြပေးပါ
ခြေထောက်ကအနံ့ဆိုးထွက်တာမျိုးမဖြစ်စေဖို့အတွက် ခြေထောက်ကိုသေချာသန့်ရှင်းဖို့လိုသလို ခြေစွပ်။ဖိနပ်တွေကို သေချာလေးသန့်စင်ဖို့လိုအပ်ကြောင်းကိုလည်း သေချာလေးပြောပြပေးဖို့လိုပါမယ်။
ဒါတွေအပြင်ကလေးကိုအဝတ်အစားနဲ့အသုံးအဆောင်တွေကိုသေချာဂရုတစိုက်အသုံးပြုသင့်တဲ့အကြောင်းနဲ့ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တတ်ဖို့ပါ လေ့ကျင့်ပေးထားသင့်ပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အပျိုဖော်ဝင်လာတဲ့ သမီးလေးတွေကိုတစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ဖို့နဲ့ ကျောင်းသွားတဲ့အခါမျိုးမှာလစဉ်သုံးပစ္စည်းကိုအပိုဆောင်သွားသင့်တဲ့အကြောင်းလေးသင်ကြားပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းကသမီးလေးကိုလှပကြော့ရှင်းတဲ့ လေဒီလေးအဖြစ်ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။

















