စက်ရုံလုပ်သားချင်းရန်ပွဲ လူသတ်မှု၌ ပါဝင်သူရှစ်ဦး အနက် သုံးဦးကိုဖမ်းဆီး

စက်ရုံလုပ်သားချင်းရန်ပွဲ လူသတ်မှု၌ ပါဝင်သူရှစ်ဦး အနက် သုံးဦးကိုဖမ်းဆီး

လှိုင်သာယာမြို့နယ်တွင် စက်ရုံလုပ်သားချင်းစကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံးခဲ့မှု၌ ပါဝင်ပတ်သက်သူရှစ်ဦးအနက် သုံးဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၁၁ ရက်တွင် ဖမ်းဆီး အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက် ည ၈ နာရီတွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၅)ရှိ ကိတ်မုန့်စက်ရုံ၏ အလုပ်သမားဖြစ်သူ ဇေမင်းမြတ်(၁၈ နှစ်)သည်စက်ရုံ၌အလုပ်လုပ်ကိုင်နေစဉ် အလုပ်အတူ လုပ်ကိုင်သူ ဌေးမြင့်အောင်ကို " ပဲတွေပျော့တယ် မာမာလေးချပေး" ဟု ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုမှုနှင့်ပတ်သက်၍ တစ်ယောက်တစ်ခွန်း စကားများကြပြီး အပြန်အလှန်လုံးထွေး သတ်ပုတ်နေစဉ် ဌေးမြင့်အောင်၏ သူငယ်ချင်းဖြစ်သူ ရဲမာန်ရောက်ရှိလာကာ ဇေမင်းမြတ်ကို ဝိုင်းဝန်း ထိုးကြိတ်ခဲ့ပြီးနောက် ပဲချက်သောအခန်းထဲသို့ ဝင်သွားကြသည်။

ဇေမင်းမြတ်က မကျေနပ်သဖြင့် ဦးလေးဖြစ်သူ ဦးဖြိုးအောင်ထွန်း(၃၀)နှစ်ကို ဖုန်းဖြင့်ဆက်သွယ်ကာ အကျိုးအကြောင်း ပြောပြပြီး စက်ရုံသို့ လာခဲ့ရန် ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုပြီးနောက် တစ်နာရီခန့်အကြာတွင် ဦးလေးဖြစ်သူစက်ရုံရှေ့လမ်းပေါ်သို့ရောက်ရှိလာသဖြင့် ဇေမင်းမြတ်က စက်ရုံအပြင်သို့ထွက်ကာ တွေ့ဆုံခဲ့ပြီး ဖြစ်စဉ်ကို ပြောပြခဲ့သည်။

ဇေမင်းမြတ်နှင့်စကားများရန်ဖြစ်သည့် ဌေးမြင့်အောင်ကိုထုတ်ပေးရန် ဦးလေးဖြစ်သူက ပြောရာ၎င်း၏သူငယ်ချင်းဖြစ်သူမျိုးဇော်မောင်(ခ)မောင် ကြီးက စက်ရုံရှေ့လမ်းပေါ်သို့ထွက်လာပြီး "ထုတ်မပေးနိုင်ဘူး" ဟု ပြောဆိုခဲ့သည်။

ဦးလေးဖြစ်သူက မျိုးဇော်မောင်ကို လက်သီးဖြင့် လှမ်းထိုးလိုက်ရာ မျိုးဇော်မောင်၏အပေါင်းအသင်းများ ဖြစ်သည့် ဌေးမြင့်အောင်၊ရဲမာန်နှင့် အမည်မသိ အမျိုးသားငါးဦးတို့က စက်ရုံရှေ့လမ်းပေါ်သို့ထွက် လာကြပြီး ဌေးမြင့်အောင်က ယာဘက်လက်ထဲတွင် အသင့်ပါလာသော အရှည်တစ်ပေခွဲရှိ သစ်သားထင်း ချောင်းဖြင့်ဦးလေးဖြစ်သူ၏ဦးခေါင်းကိုနှစ်ချက်ရိုက်ခဲ့သည်။

မျိုးဇော်မောင် (ခ)မောင်ကြီး၊ရဲမာန်နှင့်အမည်မသိ အမျိုးသားငါးဦးတို့က ဝိုင်းဝန်းထိုးကြိတ်ကြပြီး နောက်စက်ရုံဝန်းထဲသို့ပြန်ဝင်သွားကြသည်။

ဦးလေးဖြစ်သူဖြိုးအောင်ထွန်းတွင် နှာခေါင်းရိုးကျိုး၊ဦးခေါင်းနောက်စေ့ပေါက်ပြဲအပေါ်နှုတ်ခမ်းကွဲ၊ယာဘက်တံတောင်ဆစ်ပွန်းပဲ့၊ဝဲဘက်ဒူးပွန်းဒဏ်ရာများရရှိကာ သတိလစ်သွားသဖြင့် လှိုင်သာယာ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

လှိုင်သာယာဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးဦးနှောက်နှင့်အာရုံကြောဌာနသို့ လွှဲပြောင်းကုသမှုခံယူနေစဉ် သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီခွဲ၌ သေဆုံးသွားခဲ့သည်။

အလောင်းကို ဆေးရုံက ပီအာရ် ဝ၆၃ ဖြင့်လက်ခံခဲ့ပြီး ဦးလေးဖြစ်သူကို သေဆုံးအောင်ပြုလုပ်သူများကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက မူလဖွင့် လှစ်ထားသည့် (ပ) ၂၁၆၈/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄မှ ၃၀၂/၁၁၄ သို့ ပြောင်းလဲအမှုဖွင့်ကာ လှိုင်သာယာမြို့နယ်နေ ဌေးမြင့်အောင်(၁၉)နှစ်၊မောင်မျိုးဇော်အောင်(ခ)မောင်ကြီး(၂၉)နှစ်နှင့်ရဲမာန်(၁၇ )နှစ်တို့သုံးဦးကို အမှုဖြင့်ဖမ်းဆီးခဲ့ပြီး အမှုတွင်ပါဝင်သူ အမည်မသိ(စိစစ်ဆဲ)ငါးဦးကို ဆက် လက်စုံစမ်းလျက်ရှိသည်။