မိသားစုဝင်များက ဖခင်ဖြစ်သူကိုရိုက်သတ်ပြီး အလောင်းကိုဖျောက်ဖျက်

မိသားစုဝင်များက ဖခင်ဖြစ်သူကိုရိုက်သတ်ပြီး အလောင်းကိုဖျောက်ဖျက်

ကဝမြို့နယ်တွင် မိခင်ဖြစ်သူကို အရှက်တကွဲဖြစ်အောင် အနိုင်ကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဖခင်ဖြစ်သူကို မိသားစုဝင်များက ဝိုင်းဝန်းရိုက်သတ်ကာ အလောင်းဖျောက်ဖျက်မှုအား ရဲတပ်ဖွဲ့က သြဂုတ် ၁၂ ရက်တွင် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ကမ်းမြောင် ကျေးရွာအနီး ဆည်မချောင်းကမ်းစပ်သမန်းချုံပင်များအကြားရေထဲတွင် အမျိုးသားအလောင်းတစ် လောင်း၏ လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်ကာကျန်ကြိုးစတစ်ဖက်ကို ခြုံနှင့် ချည်ထားလျက်ဦးခေါင်း၊ ငယ်ထိပ်နှင့် နောက်စေ့တို့တွင် ပေါက်ပြဲဒဏ်ရာတို့တွေ့ရှိရမှုနှင့်ပတ်သက်၍ ကဝမြို့မ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်အရ သေဆုံးသူမှာ ကဝမြို့ နယ်၊ အထုံကျေးရွာနေ ဦးခင် မောင်ကြည် (၄၆) နှစ်ဖြစ်ကြောင်း သိရှိခဲ့ရပြီး သေဆုံးသူ၏ဆိုင်ကယ်ကို ၎င်း၏သမီးဖြစ်သူ သက်မာခိုင်က သြဂုတ် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၊ အမှတ် (၆)ရပ်ကွက်တွင် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကွင်းဆက်သတင်းစုံစမ်းချက်အရ သြဂုတ် ၁၀ ရက်တွင် အမှုဖြင့်မသင်္ကာသူ သေဆုံးသူ၏သမီး မသက်မာခိုင်နှင့် မသက်မာခိုင်၏ခင်ပွန်း ရန်နိုင်အောင်တို့ကို ကဝမြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်းနှင့် အဖွဲ့ဝင်များက အဖွဲ့များခွဲ၍ စစ်ဆေးခဲ့သည်။

စုံစမ်းပေါ်ပေါက်ချက်အရ သြဂုတ် ၃ ရက် ညနေ ၄ နာရီ ၅မိနစ်တွင် ၄င်းတို့ထံသို့ မိခင်ဖြစ်သူ ဒေါ်အမာကြည် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဦးခင်မောင်ကြည်က ၄င်းအား အရှက်ခွဲ အနိုင်ကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကြောင့် မိခင်ဖြစ်သူက အကူအညီ တောင်းခံခဲ့သည်။

ဆိုင်ကယ်ဖြင့်လိုက်လာသော ဦးခင်မောင်ကြည်ကို ခရုဘုရားနှင့် ကံဘဲ့ ကျေးရွာအကြားရှိ ကြက်ရိုးရေချမ်းစင်အနီးတွင် ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ဖြစ်သူဝက်ကြီးတို့က ပေါက်တူး၊ ဝါးစိမ်းတုတ်၊ သစ်သားတုတ်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဦးခင်မောင်ကြည် သေဆုံးသွားခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။

ရန်နိုင်အောင်နှင့် သက်မာခိုင်တို့က စက်လှေငှားရမ်းခဲ့ပြီး ဒေါ်အမာကြည်၊ ဝက်ကြီးတို့နှင့် အတူ အလောင်းအား စက်လှေတွင် ကြိုးဖြင့်ချည်နှောင်ကာ ဆည်မချောင်းအတိုင်း ကမ်းမြောင် ကျေးရွာဘက်သို့ မောင်းနှင်လာခဲ့သည်။

ထို့နောက် ဆည်မချောင်းကမ်းစပ် သမန်းချုံပင်များအကြား ရေထဲတွင် နိုင်လွန်ကြိုးဖြင့်ချည်၍ အလောင်းကို စွန့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ သေဆုံးသူ စီးနင်းခဲ့သည့် ဆိုင်ကယ်ကို သက်မာခိုင်နှင့် ရန်နိုင်အောင်ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် ၄င်းတို့ လေးဦးကို ဖမ်းဆီးကာ တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။