တက္ကသိုလ်ရိပ်သာလမ်းအနီး အငှားယာဉ်မောင်းကို ဓားထောက်ခြိမ်းခြောက်တောင်းယူ

တက္ကသိုလ်ရိပ်သာလမ်းအနီး အငှားယာဉ်မောင်းကို ဓားထောက်ခြိမ်းခြောက်တောင်းယူ

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းအနီးတွင် အငှားယာဉ်မောင်းကို ဓားဖြင့်ထောက်ကာ ရွှေထည်ပစ္စည်းနှင့်ငွေများခြိမ်းခြောက်တောင်းယူသူနှစ်ဦးကို လမ်းသွားလမ်းလာများက သြဂုတ် ၁၂ ရက်တွင် ဝိုင်းဝန်း ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် တာမွေမြို့နယ် မအူကုန်းရပ်ကွက်နေ ဦးစိန်သန်းသည် ၄င်းမောင်းနှင်သည့် အဖြူရောင်အငှားယာဉ်ဖြင့် လှိုင်သာယာသို့ ခရီးသည်ပို့ပြီး ဗဟိုလမ်းအတိုင်း မောင်းနှင်ခဲ့သည်။

ထိုသို့မောင်းနှင်လာစဉ် ကမာရွတ်ဘူတာရုံလမ်း အနီးအရောက် အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ယုဇနဥယျာဉ်မြို့တော်သို့ ကျပ် ၈၀ဝ၀ ဖြင့် ငှားရမ်းသဖြင့် လိုက်ပါခဲ့သည်။

ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသမီးက ယာဉ်မောင်းထိုင်ခုံဘေး ထိုင်ခုံတွင်လည်းကောင်း၊ အမျိုးသား က ယာဉ်၏နောက်ခန်းတွင်လည်းကောင်း လိုက်ပါလာခဲ့ပြီး ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားမြိုင် လမ်းထိပ်အရောက်၌ ယာဉ်၏ နောက်ခန်းတွင် လိုက်ပါလာသူ အမျိုးသားက အပေါ့အပါးသွားလို၍ ရပ်ပေးရန် ဦးစိန်သန်းကို ပြောဆိုခဲ့သည်။

ကားကိုလမ်းဘေးသို့ချရပ်ပေးစဉ် အဆိုပါခရီးသည်အမျိုးသားက လမ်းဘေးတွင် အပေါ့အပါး သွားခဲ့ပြီး ကားနောက်ခန်းသို့ဝင်ထိုင်ခဲ့သည်။ ဦးစိန်သန်းက ကားကို ထွက်ခွာရန်ပြုစဉ် ခရီးသည် အမျိုးသားက ရင်ဘတ်ကိုဝဲဘက်လက်ဖြင့် နောက်မှ သိုင်းဖက်ပြီး ကျန်လက်တစ်ဖက်က ဓားဟုယူဆရသောအရာဖြင့် လည်ပင်းကို ထောက်ထားကာ ပါလာသည့်ငွေနှင့် ပစ္စည်းများပေးရန် ပြောဆိုခဲ့သည်။

ဦးစိန်သန်းက ထိုသို့ မလုပ်ရန် ပြောဆိုသော်လည်း စကားမရှည်နှင့် ရှိသည့်ငွေနှင့် ပစ္စည်းများ အမြန်ထုတ် ပေး ဟု ထပ်မံပြောဆိုခဲ့သည်။ထို့ကြောင့် ဦးစိန်သန်းက သတိထား၍ ကားအား ဖြေးညှင်းစွာ မောင်းနှင်ခဲ့ပြီးနောက် မြဝတီစက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းများအား တွေ့ရှိသဖြင့် ၎င်းဆိုင်နှင့် မျက်နှာချင်းဆိုင် ယာဘက်လမ်းဘေးတွင် ရုတ်တရက် ကားပေါ်မှခုန်ဆင်းကာ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းခံခဲ့သည်။

ယာဉ်ပေါ်တွင်ရှိနေသည့် ခရီးသည်အမျိုးသားနှင့် အမျိုး သမီးတို့သည် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ရာ ခရီးသွားများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသဖြင့် ကြည်မြင်တိုင်မြို့နယ် စက်ကလေးရပ်ကွက်နေ ကျော်ရှိန်း(ခ )မီးခဲ  (၂၈)နှစ် နှင့် လှိုင်သာယာမြို့နယ်နေ မသော်ဇင်ရိုင်းကို (ခ ) ရှမ်းလေး (၂၃)နှစ် တို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဗဟန်းမြို့မရဲစခန်းက(ပ)၁၇၀၈/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၃ အရ အမှုဖွင့် အရေးယူထားသည်။