ပြွန်တန်ဆာမြို့တွင် အရက်မူးရာမှ ရိုက်နှက်စဉ်ပြုတ်ကျသေဆုံးခဲ့သည့် အလောင်းကို ငါးကန်အတွင်းဖျောက်ဖျက်ခဲ့သူကို ဖော်ထုတ်ဖမ်း ဆီးခဲ့ကြောင်း သြဂုတ် ၁၂ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပြွန်တန်ဆာမြို့၊ စည်ပင် ကျေးရွာရှိ ငါးကန်ထဲ၌ ရေနစ်သေဆုံးနေသော အမျိုးသားအလောင်းတွေ့ရှိကြောင်းသတင်းအရ နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသိန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါကန်၏ ဒိုက်ပင်အောက်တွင် အမျိုးသားတစ်ဦး မှောက်လျက်အနေအထားနှင့် သေဆုံးပုပ်ပွနေသည်ကိုတွေ့ရှိရသဖြင့် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးခဲ့သည်။
သေဆုံးသူသည် ဖဒိုမြို့၊ တောင်ပေါ်စုကျေးရွာနေ ဇော်ဝင်း (၄၀)နှစ် ဖြစ်ကြောင်း သိရပြီးသက်ဆိုင်ရာ၏စုံစမ်းဖော်ထုတ်ချက်များအရ သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီတွင် စည်ပင်ကျေးရွာနေ ကိုခင်နိုင် (၄၄)နှစ်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ရရှိသည့် သတင်းများနှင့်ပတ်သက်၍ သြဂုတ် ၁၁ ရက်တွင် ကိုခင်နိုင်ကိုစစ်ဆေးခဲ့ရာ သေဆုံးသူ ဇော်ဝင်းနှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး သြဂုတ် ၇ရက် မွန်းလွဲ ၂ နာရီခန့်က ၄င်းနေအိမ်သို့ လာရောက်ခဲ့ကာ အရက်အတူသောက်ခဲ့ကြသည်။
ထိုသို့ အရက်သောက်နေစဉ် ဇော်ဝင်းက " မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူး" ဟု ပြောဆိုသည်ကို ကိုခင်နိုင်က ဆက်မပြောရန်တားမြစ်ခဲ့သော်လည်း ဇော်ဝင်းက ဆက်လက်ပြောဆိုနေသည့်အတွက် စကားများ ရန်ဖြစ်ခဲ့သည်။
စကားများရန်ဖြစ်စဉ် ကိုခင်နိုင်က အနီးရှိ သစ်သားတုတ်ဖြင့် ဇော်ဝင်း၏ ဦးခေါင်းကို ရိုက်နှက်စဉ် နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သောကြောင့် အလောင်းကို လှေပေါ်သို့တင်ဆောင်ပြီး စည်ပင်ကျေးရွာရှိ ငါးကန်ထဲတွင် သွားရောက်စွန့်ပစ် ဖျောက်ဖျက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ပြွန်တန်ဆာနယ်မြေရဲစခန်းက မူလဖွင့်လှစ်ထားသည့် သေမှုသေခင်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့် အရေးယူထားသည်။

















