အငှားယာဉ်မောင်းလုယက်ခံရမှုတွင် ကျူးလွန်သူတစ်ဦးရေနစ်သေ၊တစ်ဦးဖမ်းမိ

အငှားယာဉ်မောင်းလုယက်ခံရမှုတွင် ကျူးလွန်သူတစ်ဦးရေနစ်သေ၊တစ်ဦးဖမ်းမိ

ကမာရွတ်မြို့နယ်အတွင်း အငှားယာဉ်မောင်းကို လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးအနက် တစ်ဦးရေနစ်သေဆုံးကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူနောက်တစ်ဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
 

သြဂုတ် ၁၂ ရက်နံနက် ၂ နာရီ ၃၅ မိနစ်တွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်နေ အငှား ယာဉ်မောင်း ဦးခင်မောင်ရီသည် လှိုင်မြို့နယ် ဘုရင့်နောင်လမ်း သီရိမင်္ဂလာဈေးရှေ့တွင် ၄င်းမောင်းနှင်သည့် ယာဉ်ဖြင့်ခရီးသည်စောင့်ဆိုင်းနေစဉ် အသက် ၂၅ နှစ်အရွယ်ခန့် လူငယ်နှစ်ဦးက မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားဝင်းသို့ ငွေကျပ်နှစ်ထောင်နှင့်ငှားရမ်းသဖြင့် လိုက်ပါပို့ ဆောင်ခဲ့သည်။

ထိုသို့ပို့ဆောင်စဉ် တစ်ဦးက ယာဉ်မောင်းဘေးမှလည်းကောင်း၊ နောက်တစ်ဦးက ယာဉ်နောက်ခန်း မှလည်းကောင်း လိုက်ပါခဲ့သည်။ ဘုရင့်နောင်မီးပွိုင့်အရောက် မရမ်းကုန်းမြို့နယ် BBI ဆေးဝါးစက်ရုံ ဘက်သို့ ပို့ရန်ပြောသဖြင့် ယာဉ်ကို ဆက်လက်မောင်းနှင်ခဲ့ပြီး ဆေးဝါးစက်ရုံမရောက်မီ ကားနောက် ခန်းတွင် လိုက်ပါလာသူ လူငယ်က လည်ပင်းကို လက်တစ်ဖက်ဖြင့်ညှစ်ကာ အခြားလက်တစ်ဖက်က ဓားဖြင့်ထောက်၍ မရပ်နဲ့ဆက်မောင်းဟု ပြောဆိုခဲ့သည်။

ကားရှေ့ခန်းယာဉ်မောင်းအနီးတွင် လိုက်ပါလာသူက အင်္ကျီ အိတ်အတွင်းမှကျပ်နှစ်သောင်းနှင့် ကား ရှေ့ခန်းတွင်အားသွင်းထားသည့် ကျပ် ၁၅၀ဝ၀ဝ တန်ဖိုးရှိ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုအတင်း ဆွဲ ယူသွားခဲ့သည်။

ယာဉ်ကို ဗဟိုလမ်းမှ အင်းစိန်ဘိုကုန်းလမ်းအတိုင်း အင်းစိန်ဘက်သို့ ဆက်လက်မောင်းနှင်ခိုင်းစဉ် အခြားအငှားယာဉ်တစ်စီးက အဆိုပါဖြစ်စဉ်ကို တွေ့မြင်သိရှိပြီး ယာဉ်ကိုရပ်ခိုင်းခဲ့သည်။

ယာဉ်ကိုရပ်ခိုင်းခဲ့သော်လည်း ဓားဖြင့် ထောက်သည့်လူငယ်က ယာဉ်ကို ဆက်လက်မောင်းနှင်ခိုင်းကာ လည်ပင်းကိုတစ်ခါတည်းထိုးလိုက်မယ်ဟု ပြောဆိုခဲ့သောကြောင့် ဆက်လက်မောင်းနှင်ခဲ့သည်။

ထို့နောက်ယာဉ်ကို ဗဟိုလမ်းဘက်သို့ ပြန်ကွေ့ခိုင်းပြီး လှည့်တန်းဘက်သို့ မောင်းနှင်ခိုင်းခဲ့သည်။ အင်းစိန်လမ်းအတိုင်း ဆက်လက်မောင်းနှင်ခဲ့ပြီး လှိုင်မြို့နယ်ဗဟိုလမ်းထိပ်အရောက် ယာဉ်ကို ရပ်ခိုင်းသဖြင့် အရှိန်လျှော့လိုက်စဉ် ကားရှေ့ခန်း၌လိုက်ပါလာသူက ဗဟိုလမ်းအတိုင်း ဆင်း ပြေးသွားခဲ့သည်။

ကားနောက်ခန်းတွင်လိုက်ပါလာသူက လမ်း၏ ယာဘက်အကျယ် ၄ ပေ အမြင့် ၆ ပေခန့်ရှိ ရေကန်အတွင်းသို့ ဆင်းပြေးသွားခဲ့သည်။ နောက်မှလိုက်လာသူ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေခဲ့ရာ နာရီ ဝက်ခန့်အကြာတွင် ဓားဖြင့်ထောက်လုယူသူ အမျိုးသားကို ရေမြောင်းအတွင်း ရေနစ်သေဆုံးလျက် တွေ့ရှိခဲ့သည်။

တိမ်းရှောင်ထွက်ပြေးသွားသူကို အရေးယူပေးရန် ယာဉ်မောင်းက တိုင်ကြားခဲ့သည်။ ရေနစ် သေဆုံးသူ၏ အလောင်းကို ဆေးရုံသို့ပို့အပ်ခဲ့ပြီး သေမှုသေခင်းအမှတ်စဉ် (၈/၁၉)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ကမာရွတ်မြို့မရဲစခန်းက(ပ)၁၅၉၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၃ အရ အမှုဖွင့်လှစ်ခဲ့ပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းခဲ့သည်။ ရဲတပ်ဖွဲ့က သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ သီရိမင်္ဂလာဈေး သစ်သီးပွဲရုံတန်းတွင် အလုပ်လုပ်ကိုင်သူ ဧရာဝတီတိုင်းဒေသကြီးနေ မျိုးလှိုင်ဝင်း( ၂၀ နှစ်)ဖြစ်ကြောင်း ၎င်း၏အစ်ကိုဖြစ်သူက အတည်ပြုခဲ့သည်။

ဆက်လက်စုံစမ်းချက်များအရ အခင်းဖြစ်နေ့က သေဆုံးသူနှင့်အတူ သွားလာခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်နေ ကိုကိုလွင် (၂၂ နှစ်)ဖြစ်ကြောင်း ပြောပြသိရသဖြင့် ၄င်းကို သီရိမင်္ဂလာဈေးအတွင်းမှ သြဂုတ် ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။