မရမ်းကုန်းမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်ကို ဖောက်ထွင်းခဲ့သူနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
သြဂုတ် ၈ ရက် ည ၁၀ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့ကြောင်း သက်ဆိုင်ရာက သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်း(၁)၊ ဘုန်းကြီးကျောင်းလမ်းနေ ဝိုင်းစမ်း၊ (၂၀)နှစ်ကို ၎င်း၏နေအိမ်မှဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးရာတွင် ၄င်းနေအိမ်မှ လက်ကိုင်ဖုန်း(၁၃)လုံး၊ လက်တော့(ပ်)တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စစ်မေးရာ သြဂုတ် ၂ ရက် နံနက် ၂ နာရီတွင် အစ်ကိုဖြစ်သူ ဝိုင်းချစ် နှင့်အတူ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာက ကွင်းဆက်ပါဝင်သူ ဝိုင်းချစ် ကို မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင်း(၁၀)၊ လှိုင်ကျော်ဘွားလမ်းရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးချိန်တွင် လက်ကိုင်ဖုန်းသုံးလုံးနှင့် အခြားဆက်စပ်ပစ္စည်းများ၊ စုစုပေါင်းကျပ် (၂,ဝ၆၀,ဝ၀ဝ) ကို သိမ်းဆည်းနိုင်ခဲ့သည်။
မရမ်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူထားသည်။

















