နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ဘူးလက် ဦးလှဆွေကို ဖမ်းဆီးစစ်ဆေးရန် ထုတ်ဆင့်ထားသည့်ဝရမ်း အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် သြဂုတ် ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၏ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ယနေ့သြဂုတ် ၁၄ ရက်တွင် ပြောသည်။
" သြဂုတ်လ ၉ ရက်နေ့တည်းက ဂန့်ဂေါစခန်းမှူးက ဦးလှဆွေ(ဘူးလက်)ကို ရှာမတွေ့လို့ ဖမ်းဝရမ်းကို စာတိုက် ကနေတစ်ဆင့် အနောက်ပိုင်းခရိုင်တရားရုံးဆီပြန်ပို့ပေး လိုက်တယ်လို့ သိရတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိ တရားရုံးကို ဝရမ်းက ပြန်မရောက်လာသေးဘူး။ ထပ်ပြီးဝရမ်းထပ်ထုတ်လို့မရဘူး"ဟု ၎င်းကဆိုသည်။
သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့တွင်ပြုလုပ်ခဲ့သည့် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံတော် အစိုးရအပေါ် မလေးစားအောင်၊ မေတ္တာပျက်အောင် လှုံဆော်ပြောဆိုမှု၊ အကြည်ညိုပျက်စေမှုများဟောပြောခဲ့ခြင်းကြောင့် ဦးလှဆွေ(ဘူးလက်)ကို အရေးယူ ဆောင်ရွက်ပေးပါရန် ကျောက်တံတားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုပြုလုပ်၍ အနောက်ပိုင်းခရိုင် တရားရုံးထံ ဦးတိုက် လျှောက်ထားခဲ့သည်။
တရားရုံးက လျှောက်ထားမှုကို လက်ခံခဲ့ပြီး ဦးလှဆွေ(ဘူးလက်)ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ - က ဖြင့် တရားစွဲဆိုခဲ့ပြီး စစ်ဆေးရန် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
















