ကျွဲများတင်လာသည့်ယာဉ် သေနတ်နှင့်ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံး

ကျွဲများတင်လာသည့်ယာဉ် သေနတ်နှင့်ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံး

ကျောက်မဲမြို့နယ်တွင် ကျွဲများတင်ဆောင်လာသည့် ကုန်တင်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နှင့်ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးခဲ့မှု သြဂုတ် ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည်။

သေနတ်နှင့်ပစ်ခတ်ခံရသည့်UD ၁၂ ဘီးယာဉ်သည် အဆိုပါနေ့ နံနက် ၈ နာရီတွင် ကျောက်မဲမြို့နယ်၊ ခိုအုံကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၀၄/၇-၈)ကြား၌ KNU အဖွဲ့အမည်ပါ တရားဝင်စာရွက်စာတမ်းများဖြင့် ကျွဲ ၂၄ ကောင် တင်ဆောင်လာခြင်းဖြစ်သည်။

ယာဉ်မောင်းဦးကျော်ဦး(စိစစ်ဆဲ)မောင်းနှင်ပြီး ယာဉ်နောက်လိုက် လောက်ဆံ (၂၈)နှစ်ပါ အမျိုးသားသုံးဦး လိုက်ပါလာသော အဆိုပါယာဉ်ကို လမ်း၏ယာဘက်ခြမ်း နေကြာပန်းရိုင်းချုံအတွင်းမှ လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်အကူ လောက်ဆံ(၂၈)နှစ်တွင် ဝဲနံဘေး/ဝမ်းဗိုက်/ လက်မောင်း/ဒူး ကျည်ထိမှန်ဒဏ်ရာ လေးချက်ရရှိပြီးနေရာတွင်သေဆုံးခဲ့သည်။ယာဉ်မောင်းဦးကျော်ဦးတွင် ယာချိုစောင်း/ ငယ်ထိပ်ကျည်ထိမှန်ဒဏ်ရာနှစ်ချက်ရရှိခဲ့သောကြောင့် ကျောက်မဲဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်။

ကျောက်မဲမြို့မရဲစခန်းက(ပ)၁၃၆/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။