မန်ယူတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ပရိသတ် အချစ်တော်ကစားသမားဖြစ်ခဲ့သည့် ဘူလ်ဂေးရီးယားတိုက် စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏ အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ ဘက်ဖဲလ် နှင့်တွေ့ဆုံခဲ့ရာ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာ၏ မန်ယူအနာဂတ်မှာ သေချာမှု မရှိဘဲ ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ရန် ဆန္ဒပြင်းပြနေသည်။
ပေါ့ဘာသည် စပိန်တော်ဝင်ကလပ် ရီးရဲလ်မက်ဒရစ်သို့ရောက်ရှိမည်ဖြစ်ကြောင်းလည်း သတင်း ထွက်နေသည်။ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းသည် ပေါ့ဘာ ၏ပရိသတ်တစ်ဦးဖြစ်ပြီး ရီးရဲလ်အသင်းထံ အရခေါ်ချင် နေသည်။
မန်ယူအသင်းသည် ပေါ့ဘာအား ဂျူဗင်တပ်စ် မှ ပြန်လည်ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးပေါင် ၈၉ ဒသမ ၃ သန်းအသုံးပြုခဲ့ရသည်။
မန်ယူသည် လက်ရှိ အချိန်၌ ရီးရဲလ်စိတ်ဝင်စားနေသော ပေါ့ဘာ၏ပြောင်းရွှေ့ ကြေးကို ဈေးကိုင်နေသည်။ ပေါ့ဘာသည် အသင်းပြောင်း ချင်နေသော်လည်း ရီးရဲလ်အသင်းက တရားဝင်ကမ်းလှမ်းမှု မရှိသေးပေ။
ရီးရဲလ်သည် အပြောင်းအရွှေ့မပိတ်မီ ပေါ့ဘာအား ပေါင်သန်း ၂ဝဝ ဖြင့်ကမ်းလှမ်းမည်ဆိုပါကလည်း မန်ယူ အသင်းမှာ ရောင်းချရန်ထက် ဆက်ထိန်းသင့်ဟု ဘာဘာ တော့ဗ်က ပြောဆိုခဲ့သည်။
ဘာဘာတော့ဗ်က ''ဇီဒန်းဟာ ပေါ့ဘာကို လိုချင်နေတယ်။ မန်ယူနဲ့ချယ်လ်ဆီးပွဲကြည့် လိုက်ရင် ဆိုးလ်ရှားဟာ ပေါ့ဘာကို ဘာ့ကြောင့်ဆက်ထိန်းဖို့ ဆန္ဒရှိသလဲဆိုတာမြင်နိုင်မယ်။ အဲဒီပွဲမှာ ရှက်ဖို့ဒ်ဂိုးသွင်းဖို့ ပေါ့ဘာရဲ့ပေးပို့မှုက ပြောစရာမလိုအောင် ကောင်းတယ်။ ရီးရဲလ်က လာမယ့်နှစ်ပတ်အတွင်း ပေါ့ဘာကိုပေါင်သန်း ၂ဝဝ နဲ့ကမ်းလှမ်းမယ်ဆိုပါစို့။ သူ့ကိုဆက်ထိန်းထားသင့် တယ်။ ပေါ့ဘာ မန်ယူမှာဆက်နေမယ်လို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ ဇီဒန်းကလည်း ပေါ့ဘာကိုမရလို့ ရီးရဲလ်က ထွက်မှာမဟုတ်ဘူး။ ဒါနဲ့ ရီးရဲလ်မက်ဒရစ်ကို နေမာရောက်ခဲ့ရင် ကျွန်တော် အံ့အားသင့်မိမှာပါ''ဟု ပြောဆိုခဲ့သည်။















