ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်နိုင်ရေး အာမခံချက်အတွက် အင်န်စီအေစာချုပ်ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့သည် သြဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ချင်းအမျိုး သားတပ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ၊ ဒီမို ကရေစီအကျိုးပြုကရင့်တပ်မတော်၊ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့သည် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ဆွေးနွေး ကြမည်ဖြစ်သည်။
ခိုင်မာအားကောင်းရေး
"အဲဒီမှာ အင်န်စီအေအကောင်အထည်ဖော်ဆောင်မှု ခိုင်မာအားကောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမယ့်အကြောင်းအရာတွေ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်၊ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များဆက်လက်ဖော်ဆောင်နိုင်ရေးဆိုင်ရာ အာမခံချက်၊ နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာများ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောဆိုသည်။
ထို့အပြင် အစိုးရဘက်ကအဆိုပြုထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆက်လက် ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ် အဆိုပြုချက် (၄) ရပ်ကိုလည်း သုံးသပ်ဆွေးနွေးကာ ယင်းအဆိုပြုချက်အပေါ် အင်န်စီအေလက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏သဘောထားများကိုစုစည်းသွားမည်ဟုလည်း ၎င်းကပြောဆိုသည်။
အစိုးရနှင့် အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား အင်န်စီအေစာချုပ်ကိုအခြေခံထားသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာနောက်ပိုင်း ရပ်ဆိုင်းသွားခဲ့ပြီး ယနေ့အချိန်အထိ တရားဝင်ပြန်လည် စတင်နိုင်ခြင်းမရှိသေးပေ။
အလားအလာမကောင်း
အထွေထွေရွေးကောက်ပွဲနီးကပ်လာမှုနှင့်အတူ လက်ရှိအစိုးရကာလတွင် တစ်ဆို့နေ သည့်ကိစ္စများကိုမကျော်လွှားနိုင်လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလားအလာမကောင်း ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ဝန်ခံပြောဆိုထားသည်။















