ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲဆိုပေမယ့် မရပ်မနားငိုနေမယ်ဆိုရင်တော့ ကလေးလည်းပင်ပန်းပြီးမောဟိုက်သွားသလိုလူကြီးတွေလည်းနားပူရတာပေါ့။ ကလေးတွေဆိုတာအကြောင်းရင်းတစ်ခုခုရှိလို့ ဥပမာ – နို့ဆာတာ၊ မေမေ့ကိုလွမ်းတာ၊ အီအီးပါထားလို့သေးခံအဝတ်လဲဖို့ လိုအပ်တဲ့အခါမျိုးဆိုငိုနိုင်သလိုတစ်ခါတလေကျတော့လည်းဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာအရင်လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကိုပုတ်ပေးတာ၊ သေးခံဝတ်လဲပေးတာလုပ်ပေးလို့ရပါတယ်။

အဲဒီလိုမဟုတ်ဘဲဂျီကျပြီးငိုတာဆိုရင်တော့ စိတ်မညစ်ဘဲခုပြောပြမယ့်နည်းလမ်းတွေကိုလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အသစ်စက်စက် မေမေတွေအတွက်လည်းအဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။

၁။ ကလေးကိုစောင်ပါးပါးလေးတစ်ထည်နဲ့ ပတ်ပေးပါ။ တအားကြီးကျပ်နေဖို့ မလိုပါဘူး။ ဘေဘီလေးတို့ နေရတာသက်တောင့်သက်သာဖြစ်ပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ပဲအဓိကပါ။ ခြေထောက်ကနေလည်ပင်းထိပတ်ပေးပြီးတော့ လက်နှစ်ဖက်ကိုအပြင်ထုတ်လို့ရော၊ အထဲထည့်ထားလို့ရောရပါတယ်။

၂။ နို့ဆာနေတာမဟုတ်ဘူးဆိုရင် နို့သီးခေါင်းပုံစံအစွပ်လေးကိုကလေးပါးစပ်ထဲထည့်ပေးပြီးစုပ်ခိုင်းထားရင်လည်းအငိုရပ်သွားနိုင်ပါတယ်။ တကယ်လို့ ဒီလိုအစွပ်မျိုးမရှိရင်လည်းမေမေ့ လက်မသို့မဟုတ် လက်ချောင်းလေးတွေကိုစုပ်ခိုင်းထားလို့ရပါတယ်။

၃။ တချို့ကလေးတွေဆိုရင် ဘယ်လောက်ငိုငိုလူကြီးကချီလိုက်တာနဲ့ အငိုတိတ်ပြီးရယ်သံလေးတွေ ထွက်လာတတ်တာသတိထားမိတယ်မလား။ ဒီလိုမျိုးဘေဘီလေးတွေကိုချီရင်းစကားပြောပေးတာ၊ သီချင်းဆိုပေးတာ၊ ကျောကုန်းလေးကိုပွတ်သပ်ပေးတာနဲ့လည်းဘေဘီလေးစိတ်ပြေသွားအောင် ချော့ပေးလို့ရပါတယ်။

၄။ ပုခက်လေးထဲထည့်လွှဲပေးပါ။ ပုခက်လွှဲတဲ့အခါ အားနဲ့မလွှဲပါနဲ့။ ဖြည်းဖြည်းလေးနဲ့ ကလေးကို ငြိမ့်ငြိမ့်လေးဖြစ်စေဖို့ လွှဲပေးပါ။ အဲဒီအချိန်မှာသီချင်းသံတိုးတိုးလေးဖွင့်ပေးတာ၊ သီချင်းဆိုပြတာမျိုးလည်းလုပ်ပေးလို့ရပါတယ်။ ပုခက်မဟုတ်ဘဲကလေးအိပ်တဲ့ကုတင်လေးမှာချပေးရင်း ဖြည်းဖြည်းချင်းလှုပ်ပေးရင်လည်း အဆင်ပြေပါတယ်။

၅။ ချီနေတဲ့အချိန် ဘေဘီလေးကိုပုခုံးပေါ်မှာခေါင်းလေးမှေးတင်ရင်းသီချင်းလေးညည်းပေးတာလည်းဘေဘီလည်းအငိုရပ်စေတဲ့ နည်းလမ်းတစ်ခုပဲနော်။ အဲဒီလိုလုပ်ပေးခြင်းဟာကလေးကိုမေမေ့အသံစောစောစီးစီးနားလည်မှတ်မိနေစေဖို့ ကူညီပေးရာလည်းရောက်ပါတယ်။

၆။ ရေချိုးပေးနေတဲ့အချိန် ဂျီကျပြီးငိုတာဆိုရင်တော့ ကလေးစိတ်ထဲနည်းနည်းစိမ်းနေလို့ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် ကလေးမျက်ရည်တွေကိုလက်ရေဆွတ်ပြီး ဖြည်းဖြည်းချင်းသုတ်ပေးပါ။ ရေချိုးနေတဲ့အချိန် ဘေးနားမှာကစားစရာရေပေါ်အရုပ်လေးတွေ ထားထားပေးလို့ရသလို၊ ရေနဲ့ပက်လိုက်၊ ကစားလိုက် လုပ်ပေးလို့လည်းရပါတယ်။

၇။ တစ်ခါတလေဘေဘီလေးရဲ့ ဗိုက်ထဲမှာလေတွေရှိနေတာကြောင့်လည်းငိုနိုင်တယ်နော်။ ဒါကြောင့် ကလေးကိုလက်နှစ်ဖက်ပေါ်မှာဝမ်းလျားမှောက်အိပ်ပြီးသိပ်ပေးခြင်းဖြင့် ကလေးရဲ့ ဗိုက်ကလေးကိုဖိအားအနည်းငယ်ဖြစ်စေကာအထဲကလေတွေထွက်လာစေဖို့ ကူညီပေးပါတယ်။ ဒီနည်းလမ်းအတွက် လက်နှစ်ဖက်ကကလေးရဲ့ ကိုယ်အလေးချိန်ကိုဟန်ချက်ညီအောင် ထိန်းပေးရတာဖြစ်တဲ့အတွက် ဖေဖေတို့ကိုယ်တိုင် လုပ်ပေးတာပိုအဆင်ပြေပါလိမ့်မယ်။

၈။ကလေးကိုပွေ့ချီပြီးအပြင်အိမ်နားပတ်ဝန်းကျင်ကအရာတွေကို ပြပေးရင်လည်းကလေးငိုတာရပ်သွားစေနိုင်ပါတယ်။ ဘေဘီလေးအသက် ၆လ မပြည့်သေးဘူးဆိုရင်တော့ အပြင်ပေးမထွက်သင့်ပါဘူး။

၉။ ဘေဘီလေးကြိုက်တဲ့ အရုပ်တွေနဲ့ မေမေ၊ ဖေဖေတို့ကိုယ်တိုင် ကစားပြတာ၊ ဟာသတွေ လုပ်ပြီးနောက်တာ၊ ဖြည်းဖြည်းချင်းကလိထိုးပေးတာမျိုးလုပ်ပေးလို့ရပါတယ်။
မေမေတို့ဆိုတာလည်းကိုယ့်ရင်သွေးလေးငိုပြီဆိုတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိထိတ်လန့်တတ်ကြတာဆိုတော့ ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကိုသေချာလိုက်လုပ်ကြည့်ပြီးအမြဲလိုလိုငိုနေတဲ့ ကလေးကိုချော့သိပ်လိုက်ကြရအောင်နော်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021