အမြင်အာရုံကသက်ရှိတွေအတွက်တော်တော်လေးအရေးကြီးပါတယ်။ တစ်ခုခုကိုစတွေ့ပြီဆိုရင်အရင်ဆုံးခံစားတာကအမြင်အာရုံနဲ့ပါ။ အမြင်အာရုံမရှိဘူးဆိုရင် အကောင်းအဆိုးကိုတောင်ခွဲခြားဖို့ခက်သွားမှာပါ။ ဒီတော့အရေးကြီးတဲ့အမြင်အာရုံကိုတတ်နိုင်သမျှမစောင့်ရှောက်သင့်ဘူးလား။ တစ်နေ့တာမှာ ကွန်ပျူတာတွေအမြဲမပြတ်အသုံးပြုနေရသူဆိုရင် မျက်လုံးခြောက်တာ၊ မျက်စိတွေအောင့်တာမျိုးကြုံရနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် ဗီတာမင်တွေနဲ့အာဟာရဓာတ်တွေလိုအပ်သလို အမြင်အာရုံကျန်းမာဖို့အတွက်လည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေလိုအပ်ပါတယ်။ တကယ်လို့ သင်ကတစ်နေ့တာမှာကွန်ပျူတာတွေ၊ဖုန်းတွေသုံးနေရလို့ မျက်လုံးတွေခြောက်နေပြီဆိုရင်တော့ ဒီအစားအစာလေးတွေနဲ့ အားဖြည့်လိုက်ပါနော်။
မျက်လုံးတွေခြောက်နေရင် ဘာစားမလဲ
ငါး
ငါးကအမြင်အာရုံကိုကျန်းမာစေနိုင်ပါတယ်။ ငါးစားတဲ့အခါ Omega – 3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ငါးတွေစားပေးပါ။ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတို့စားသုံးပေးပါ။
အခွံမာသီး
Omega-3 fatty acid နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီးမျက်လုံးခြောက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံထိခိ်ုက်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်သီး၊ မြေပဲတို့ကိုစားသုံးပေးလို့ရပါတယ်။
အစေ့အဆန်တွေ
အခွံမာသီးတွေလိုပဲ Omega-3 fatty acid နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် မျက်လုံးအတွက် စားပေးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာအစေ့အဆန်တွေပါဝင်အောင်စားသုံးပေးပါ။
အချဉ်ဓာတ်ရှိတဲ့အသီးတွေ
ဓာတ်တိုးဆန့်ကျင်အာနိသင်ဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် မျက်လုံးခြောက်တာနဲ့ အမြင်အာရုံထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုတို့စားပေးလို့ရပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ
မျက်လုံးအတွက် အာဟာရဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် မျက်လုံးကျန်းမာဖို့ စားပေးသင့်ပါတယ်။ ဒါကြောင့်နေ့စဉ် ဟင်းနုနွယ်၊ ကိုက်လန် နဲ့ တရုတ်နံနံတို့ကိုစားပေးပါ။
မုန်လာဥနီ
မုန်လာဥနီမှာဗီတာမင် A နဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်ကအမြင်အာရုံအတွက် အာဟာရတစ်ခုဖြစ်သလိုမုန်လာဥနီမှာပါတဲ့ rhodopsin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကအမြင်လွှာကအလင်းကိုစုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ကန်စွန်းဥ
ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်နေတာကြောင့် အမြင်အာရုံကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
အမဲသား
ဇင့်ဓာတ်ပါဝင်မှုကြောင့် အမြင်အာရုံကိုအကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ မျက်လုံးတွင်းက သွေးကြောလေးတွေကိုကျန်းမာစေနိုင်ပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးမှာပါ။
ဥအမျိုးမျိုး
ဗီတာမင် C၊ ဗီတာမင် E နဲ့ ဇင့်တို့ပါဝင်တာကြောင့် မျက်လုံးခြောက်တာကင်းဝေးပြီးအမြင်အာရုံကျန်းမာစေဖို့ စားပေးသင့်ပါတယ်။
ရေ
ရေဓာတ်က ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းအတွက် အရေးပါတာပါ။ ဒါကြောင့် မျက်လုံးခြောက်တာကင်းစေဖို့ အကောင်းဆုံးသောက်စရာက ရေလို့ပြောပါရစေ။ ရေဓာတ်ပြည့်ဝနေမှုကမျက်လုံးမခြောက်အောင်ကာကွယ်ပေးနိုင်မှာပါ။
တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် မျက်လုံးခြောက်တာမျိုးမဖြစ်စေဖို့ ဒီအချက်တွေကိုသတိထားပေးလိုက်ပါနော်…..

















