အသက်(၈၈)နှစ်အရွယ် ဖုန်ကြားရှင်ဦးဆောင်နေသည့် ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA)၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်မတော်ဘက်မှ အရာရှိနှင့်စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)သည် တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)တို့နှင့်ပူးပေါင်းကာ သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်တို့ရှိ နေရာငါးခုကိုတိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည်။
ယင်းရက်မတိုင်မီ သြဂုတ် ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန်လောက်ကိုင်မြို့မှ လားရှိုးမြို့သို့သွားရောက်သည့် တပ်မတော်ယာဉ်တန်းအား ချင်းရွှေဟော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၃ဝဝဝခန့်အကွာသို့အရောက် MNDAA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာသောင်းကျန်းသူများ အရှေ့မြောက်ဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်ဘက်မှအရာရှိ/စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တပ်မတော်အနေဖြင့် တိုင်ရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းအား မှန်ကန်ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ရည်ရွယ်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့်တပ်မတော်က ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် သြဂုတ် ၃၁ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင်စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား သုံးကြိမ်တိုင်တိုင် တစ်ဖက်သတ်ရပ်တန့်ပေးခဲ့သော်လည်း ကိုးကန့်အဖွဲ့ဘက်က ယခုကဲ့သို့ တပ်မတော်မှ အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ရန်သွားလာသည့်ယာဉ်တန်းအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေးကိုအမှန်တကယ်ရယူလိုသည့်ဆန္ဒသဘောထား မရှိခြင်း၊ ငြိမ်းချမ်းလုပ်ငန်းစဉ်များအပေါ်အမြတ်ထုတ်၍ တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းများကို အခွင့်ကောင်းယူကာ အလစ်အငိုက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်က သုံးသပ်ခဲ့သည်။
ထို့ကြောင့် ယင်းနယ်မြေတစ်ဝိုက်အားတပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်းကလည်းဖုန်ကြားရှင်၏ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ အရပ်သား ၆ဝ ကျော်သေဆုံးခဲ့ရသည်။















