ရီးရဲလ်မက်ဒရစ်သည် သြဂုတ် ၁၇ ရက်က လာလီဂါအဖွင့်ပွဲအဖြစ် ဆယ်တာဗီဂိုကွင်းတွင် သွားရောက်ကစားခဲ့ရာ ကစားသမားတစ် ယောက်လျော့ခဲ့သော်လည်း ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ အဖွင့်လှခဲ့သည်။
ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းသည် တိုက်စစ်၌ ဘန်ဇီမာ၊ ဂါရက်ဘေးလ်နှင့် ဗီနီဆီယက်စ်တို့ကို ပွဲထုတ် ခဲ့ပြီး ကွင်းလယ်တွင် မိုဒရစ်၊ ကာဆီမီယိုနှင့် တိုနီခရုးစ်တို့ ပါဝင်ခဲ့သည်။ ဆယ်တာဗီဂို အသင်း၌လည်း အဓိကကစားသမား လူစုံခဲ့ သည်။
ရီးရဲလ်မက်ဒရစ်သည် ပွဲချိန် ၁၂ မိနစ် တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး ဘန်ဇီမာကသွင်းယူ ပေးခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် ရီးရဲလ်မက် ဒရစ်ကွင်းလယ်လူ မိုဒရစ်မှာ ပြိုင်ဘက်ကစား သမား ဒင်းနစ်ဆွာရက်ဇ်ကို ခြေဆောင့်နင်းခဲ့ ၍ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။ ဗီဒီယို အကူဒိုင်လူကြီးစနစ်ကို ပြန်ကြည့်ကာ ကွင်းလယ် ဒိုင်က မိုဒရစ်အား ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ်သည် ပွဲချိန် ၆၁ မိနစ်တွင် ဒုတိယဂိုးရခဲ့ပြီး မာဆယ်လို၏ဖန်တီးမှုမှတစ် ဆင့် တိုနီခရူးစ်က သွင်းယူပေးခဲ့သည်။ ဆယ် တာဗီဂိုသည် ကစားသမားတစ်ယောက်အသာ ရပြီးနောက် ဂိုးသွင်းခွင့်အချို့ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။
အကြိတ်အနယ်ကစားရင်း ရီးရဲလ်မက်ဒရစ်မှာ ပွဲချိန်မိနစ် ၈ဝ တွင် တတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ဘန်ဇီမာ၏ဖန်တီး မှုမှတစ်ဆင့် ဗက်ဇ်ကွက်ဇ်က သွင်းယူခဲ့သည်။ ဆယ်တာဗီဂိုအတွက် တစ်လုံတည်းသော ချေပဂိုးကို လိုဆာဒါက ပွဲပြီးလုချိန်တွင် သွင်း ယူခဲ့ခြင်းဖြစ်သည်။
လာလီဂါအဖွင့်ပွဲတွင် လက်ရှိချန်ပီယံ ဘာစီလိုနာမှာ နိုင်ပွဲပျောက်ဆုံးခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်မှာ အဝေးကွင်းအနိုင်သုံးမှတ် ပိုင်ဆိုင်ခဲ့သည်။
အပြောင်းအရွှေ့မင်းသားဖြစ်နေသော ရီးရဲလ်တောင်ပံတိုက်စစ်မှူး ဂါရက်ဘေးလ် မှာ ဒဏ်ရာရဟာဇက်မပါဝင်နိုင်သည့် အသင်း တိုက်စစ်တွင် ပါဝင်ကစားခဲ့သည်။ ယင်းသည် ဘန်ဇီမာအဖွင့်ဂိုးသွင်းယူနိုင်ရန် ဖန်တီးမှုပြု လုပ်ပေးခဲ့သည်။
နည်းပြဇီဒန်းသည် ဂါရက် ဘေးလ်အား ဒုတိယပိုင်း ၇၅ မိနစ်ရောက်မှ သာ လူစားလဲခဲ့သည်။ နည်းပြဇီဒန်းက ''ဂါရက် ဘေးလ်ဟာ ဒီမှာဆက်ရှိမှာပါ။ ဟာဇက်ဒဏ် ရာရနေတာက ကံဆိုးတယ်။ ဂါရက်ဘေးလ်နဲ့ ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်ဂျာစီဝတ်ရင်း အကောင်း ဆုံးကစားမယ့်သူတွေပါ''ဟု ပြောဆိုခဲ့သည်။















