ကျောက်တံခါးမြို့နယ်တွင် ဖခင်ထံဟင်းပို့သွားသည့်အိမ်ထောင်သည်အမျိုးသမီးတစ်ဦး ချုံပုတ်အတွင်းအဝတ်ဗလာဖြင့် သေဆုံးနေမှုမှ အဓမ္မပြုကျင့်သူကိုရဲတပ်ဖွဲ့က သြဂုတ် ၁၅ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဩဂုတ် ၅ ရက်နံနက် ၄ နာရီအချိန် ကျောက်တံခါးမြို့နယ် သံပုရာခုံကျေးရွာအုပ်စု သူဌေးကြီးကျေးရွာတွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်လွင် နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာသူဌေးကြီးကျေးရွာအုပ်စုနေ မ---- ၂၅ နှစ် ဖြစ်ပြီး သူဌေးကြီးကျေးရွာမှ အမြန်လမ်းမကြီးသို့သွားသည့် လမ်း၏ မြောက်ဘက်ခြမ်း (၂)ဖာလုံခန့်အကွာ တောအတွင်းရှိချုံပုတ်အနီး ခန္ဓာကိုယ်တွင် အပေါ်ပိုင်းအဝတ်ဗလာဖြင့် မှောက်ခုံအနေအထား သေဆုံးနေခြင်းဖြစ်သည်။
အလောင်းတွင် နှာခေါင်းဝဲဘက်ခြမ်း သွေးထွက်၊ လျှာအနည်း ငယ်ထွက်၊ နှုတ်ခမ်းကိုက်ထား၊လည်ပင်တစ်ဝိုက်ပွန်းပဲ့ညိုမဲဒဏ်ရာ၊ လက်နှစ်ဖက်လက်သီးဆုပ် လက်မအတွင်းဝင်၊ ယာဘက်နာထင်အနည်းငယ်ပွန်းပဲ့ဒဏ်ရာ၊ ယာဘက်ခြေမအနည်းငယ် ကွဲပြဲဒဏ်ရာများ၊ အောက်ပိုင်းတွင် ခရမ်းရင့် ရောင် လုံခြည်အားပတ်လျက် သေဆုံးနေသည်ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။
အလောင်းအနီးပတ်ဝန်းကျင်တွင် ဖျာတစ်ချက်စာခန့် မြက်ပင်များကြေမွနေပြီး အလောင်းနှင့် (၂၁) ကိုက်ခန့်အကွာတွင် မ---၏ အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်များအရ ကျူးလွန်ခံရသူ မ---- သည် ဩဂုတ် ၄ ရက် မွန်းလွဲ၁၂ နာရီတွင် ၎င်းနေထိုင်ရာနေရာမှ တစ်မိုင်ခန့်ကွာဝေးသည့် ဖခင်ဖြစ်သူရှိရာနေရာသို့ ဟင်းလာပို့ခဲ့သည်။ မွန်းလွဲ ၂ နာရီခွဲတွင် ၎င်း၏နေအိမ်သို့ ပြန်မည်ဟုပြော၍ ပြန်လည်ထွက်ခွာသွားရာမှ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေကြောင်း ညနေ ၆ နာရီခန့်တွင် မ----၏ယောက္ခမတော်စပ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရှာဖွေရာမှ အလောင်းတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
ပဲနွယ်ကုန်းနယ်မြေရဲစခန်းက(ပ)၁၆၄/ ၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
သူဌေးကြီးကျေးရွာ သံပရာခုံအုပ်စုနေ ပြစ်မှုကျူးလွန်သူ ခိုင်လင်းအောင် ၂၂ နှစ်ကို ရဲတပ်ဖွဲ့က သြဂုတ် ၁၅ ရက်တွင်အမှုဖြင့်ဖမ်းဆီးခဲ့ပြီး အရက်သေစာသောက်စားမူးယစ်ကာ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ခိုင်လင်းအောင်ကို စစ်ဆေးချက်အရ အခင်းဖြစ်သည့်နေ့တွင် အစ်ကိုဖြစ်သူ၏ သမီးဖြစ်သူ နေမကောင်းသဖြင့် ရွာဓလေ့ထုံးစံအတိုင်း ချက်ပြုတ်ထားသည့် ကြက်တစ်ကောင်နှင့်အရက် နှစ်ပုလင်းတို့ကို ကျွဲကျောင်းသား(စိစစ်ဆဲ)နှစ်ဦးနှင့်အတူ တောထုတ်ကာ စားသောက်ခဲ့ကြသည်။
ထို့နောက် အိုးခွက်များကို အစ်ကိုဖြစ်သူနေအိမ်သို့ ပြန်ပို့ခဲ့ကာ အဖော်များနှင့်လမ်းခွဲပြီး ရွာလမ်းအတိုင်းပြန်လာခဲ့သည်။ထိုသို့ပြန်လာစဉ် သူဌေးကြီးရွာဘက်မှ အမျိုးသမီးတစ်ဦးလမ်းလျှောက်လာသည်ကိုမြင်တွေ့ခဲ့သည်။ယင်းနောက် အဆိုပါအမျိုးသမီးနောက်သို့ လိုက်သွားခဲ့ပြီး လမ်းဘေးသို့အတင်းဆွဲချခဲ့ရာ နှစ်ဦးစလုံးလမ်းဘေးရေမြောင်းအတွင်းသို့ ပြုတ်ကျခဲ့သည်။
ထို့မှတစ်ဆင့်၎င်းအမျိုးသမီးကို တောထဲသို့ ဆွဲခေါ်သွားခဲ့ပြီး နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်။ အမျိုးသမီးက သစ်ကိုင်းခြောက်ဖြင့် ၄င်း၏ ဦးခေါင်းကို ရိုက်သဖြင့် အမျိုးသမီးဝတ်ဆင်ထားသည့် အင်္ကျီကို ချွတ်ကာ လည်ပင်းကိုပတ်၍ ညစ်သတ်ခဲ့ကြောင်း၊ အမျိုးသမီး လဲကျသေဆုံးသွားသဖြင့်ဝတ်ဆင်ထားသောထဘီအားကျောလယ်အထိဆွဲတင်ဖုံးပေးခဲ့ပြီးနေအိမ်သို့ပြန်လာခဲ့ကြောင်း ကျူးလွန်သူက ထွက်ဆိုခဲ့သည်။

















