ဂုတ်တွင်းဘေလီတံတား သံပေါင်များတပ်ဆင်၊ တံတားသုံးစင်း ထပ်မံမိုင်းခွဲခံရ

ဂုတ်တွင်းဘေလီတံတား သံပေါင်များတပ်ဆင်၊ တံတားသုံးစင်း ထပ်မံမိုင်းခွဲခံရ

သြဂုတ် ၁၅ ရက်က အေအေ၊ တအာင်းနှင့် ကိုးကန့် ပူးပေါင်းအဖွဲ့က ဂုတ်တွင်းတံတားအား မိုင်းထောင်ဖောက်ခွဲခဲ့၍ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများ အမြန်ဆုံး ဖြေရှင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘေလီတံတားထိုးကာ ဆောင်ရွက်လျက်ရှိနေချိန် နောက်ထပ်တံတားသုံးစင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တပ်မတော်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေး-နောင်ချို-လားရှိုးလမ်း ဂုတ်တွင်းတံတားဘေလီထိုးခြင်းလုပ်ငန်းမှာ သြဂုတ် ၁၇ ရက်တွင် သုံးလွှာ တစ်ထပ်အရှည်ပေ ၂၁၀ နှစ်လမ်းသွား ဘေလီတံတား၏ သံပေါင်များ တပ်ဆင်တည်ဆောက်နေပြီဖြစ်ပြီး လမ်း၊ တံတား အထူးအဖွဲ့အင်ဂျင်နီယာများက တံတား လုပ်ငန်းအမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မိုင်းထောင်ဖောက်ခွဲ

ထို့အပြင် သြဂုတ် ၁၇ရက် ညနေ ၅ နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး ခရိုင်သိန်းနီမြို့နယ် သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်း မိုင်တိုင် ၃၀/၇ - ၃၁/ဝ ကြား၊ နား တီးရွာ အထွက် တံတားအမှတ် ၆/၃၁၊ အရှည်ပေ ၅၀၊ အကျယ် ၂၈ဒသမ၅ ပေ သံကူကွန် ကရစ် တံတားအား မြောက်ပိုင်းသုံးဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့၍ ယာယီဘေလီ တံတားထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်က ထုတ်ပြန် ခဲ့သည်။

ထက်ပိုင်းကျိုးကျ

ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့သည် သြဂုတ် ၁၇ရက် နံနက် ၃နာရီခန့်က သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်း နမ့်ဆလပ်--ကွမ်းလုံ ကားလမ်း၏ အနောက်တောင်ဘက်ရှိ (၄၁)မိုင် သံကူကွန်ကရစ်တံတား(ဗြုန်းတောင်)အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ နံနက် ၄ နာရီ ခွဲခန့် တွင်လည်း သိန်းနီ--နမ့်ဆလပ်ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်အမျိုး အစား မန်တုံစွန်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)တံတားမှာ ထက်ပိုင်းကျိုးကျပျက်စီးပြီး မန်တုံစွန်တံတားမှာ ကြမ်းခင်းပျက်စီးခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး