တောင်ကြီးမြို့ ရွှေမုဌောဘုရားစောင်းတန်းတွင် အလှူခံနေသူနှစ်ဦးကိုသတ်ခဲ့သူအား တောင်ကြီးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် အနှစ် ၄၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
တရားခံဥူးအင်္ဂုရ (ခ) အောင်မျိုးဆွေကို သြဂုတ် ၁၄ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေမုဌောဘုရားစောင်းတန်း၌ လူသတ်မှုကျူးလွန်သူ ဥူးအင်္ဂုရ (ခ) အောင်မျိုးဆွေသည် အသတ်ခံရသူ ဦးသုဇာတနှင့်အတူ ရွှေမုဌောစောင်းတန်းပေါ်ရှိ တောင်ပေါ်တွင် အရက်အတူသောက်ခဲ့ပြီးနောက် အရက် အမူးလွန်ကာ အိပ်ပျော်သွားခဲ့သည်။
ထိုသို့အိပ်ပျော်နေချိန်တွင် ဦးသုဇာတက တရားခံဥူးအင်္ဂုရ (ခ) အောင်မျိုးဆွေ၏ ဖုန်းနှင့် ပိုက်ဆံအိတ်ကို ယူဆောင်သွားခဲ့သည်။ အိပ်ပျော်ရာမှ နိုးလာပြီးနောက် ရွှေမုဌောစောင်းတန်း၌ ယာယီရွက်ဖျင်တဲဖြင့် အိပ်နေသည့် ဦးကဝိန္ဒအားနှိုးကာ ဦးသုဇာတကို ဖုန်းဆက်ခေါ်ခိုင်းခဲ့သည်။ထိုသို့ ဖုန်းဆက်ခေါ်ခိုင်းရာ ဖုန်းကိုင်ခြင်းမရှိသဖြင့် တောင်ကြီးမြို့တွင်း၌ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၁ နာရီခန့်တွင် စဝ်စံထွန်းဆေးရုံရှေ့မှ အငှားမော်တော်ယာဉ်ဖြင့် ရွှေမုဌောစောင်းတန်းသို့ ပြန်လာခဲ့စဉ် ဦးသုဇာတ အိပ်နေသည်ကို တွေ့ရပြီး အနီးရှိ သစ်သားတုတ်ကို ကိုင်၍ အိပ်ရာမှနှိုးကာ ၄င်းယူဆောင်သွားသည့် ဖုန်းနှင့်ပိုက်ဆံအိတ်ကို ပြန်တောင်းခဲ့သည်။
၄င်းက မပေးနိုင်ကြောင်းပြောဆိုခဲ့သဖြင့် ဦးခေါင်းကို တုတ်ဖြင့် ရိုက်နှက်ခဲ့စဉ် အနီး၌ရှိနေသည့် ဦးကဝိန္ဒမှ ဥူးအင်္ဂုရ (ခ) အောင်မျိုးဆွေကို တွန်းထိုးခဲ့သဖြင့် ဦးကဝိန္ဒ၏ ဦးခေါင်းကိုလည်း တုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့သည်။
ဦးကဝိန္ဒနှင့် ဦးသုဇာတတို့သည် ရရှိသည့် ဒဏ်ရာများဖြင့် နေရာတွင် လဲကျသေဆုံးခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ဥူးအင်္ဂုရ (ခ) အောင်မျိုးဆွေ ကို ဖမ်းဆီးကာ သိက္ခာချ၊ လူဝတ်လဲစေပြီးနောက် တောင်ကြီးခရိုင်တရားရုံးသို့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့သည်။
ဥူးအင်္ဂုရ (ခ) အောင်မျိုးဆွေက ဦးကဝိန္ဒကို သေဆုံးအောင်ပြုလုပ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ဦးသုဇာတ ကိုသေဆုံးအောင်ပြုလုပ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကိုသီးခြားစီကျခံစေရန် တောင်ကြီးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
















