အေအေ၊ တအာင်းနှင့် ကိုးကန့်တို့လုပ်ရပ်အပေါ် တရုတ်အစိုးရအနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၁၉ ရက်က ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲကို ပေကျင်း၌ သြဂုတ် ၁၉ ရက်က ကျင်းပခဲ့ရာ ယခုရက်ပိုင်းတွင် AA, TNLA, MNDAA လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံ၏တပ်မတော်ထိန်းချုပ်ရာနေရာများကို ဝင်ရောက်တိုက်ခိုက်သဖြင့် လူသေကျေဒဏ်ရာ ရရှိမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထားကို မေးမြန်းခဲ့ရာ ယခုကဲ့သို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။
အလွန်အလေးထား
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူက လက်နက်ကိုင်ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူသေကျေဒဏ်ရာရရှိ စေခြင်းသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိခိုက်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်--မြန်မာနယ်စပ်ဒေသ၏ တည်ငြိမ် ငြိမ်းချမ်း ရေးကို အလွန်အလေးထားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက်ထောက်ခံ ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက် လက်ထိန်းသိမ်းရန်လိုကြောင်း၊ တရုတ်နိုင်ငံ သည် ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကျူးလွန်ခဲ့
အေအေ၊ တအာင်းနှင့် ကိုးကန့်တို့သုံးဖွဲ့ ပေါင်းထားသော မြောက်ပိုင်းမဟာမိတ်တပ်များ သည် လွန်ခဲ့သည့် သြဂုတ် ၁၅ ရက် နံနက် ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ ခြင်းအပါအဝင် တံတားများကို ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး စစ်ဆေးရေး စက်များကို ဖျက်ဆီးခြင်း၊ ရဲစခန်းများကို တိုက် ခိုက်ခြင်းများ ကျူးလွန်ခဲ့သည်။
ထိုသုံးဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး တရုတ်--မြန်မာကုန်သွယ်ရေးအတွက် အချက်အချာ ကျသော မန္တလေး--မူဆယ်လမ်းမပေါ်ရှိ တံတား လေးစင်းကို မိုင်းထောင် ဖောက်ခွဲခဲ့ရာ လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ကာ ကုန် စည်စီးဆင်းမှုများ ရပ်ဆိုင်းနေဆဲဖြစ်သည်။















