ခရမ်းလွန်အစွမ်းကြောင့် အသားအရေကိုမထိခိုက်စေဖို့ နေလောင်ကာခရင်မ်ကိုအားကိုးတကြီး နေ့တိုင်းမပါမဖြစ်သုံးလာကြပါတယ်။မျက်နှာအတွက်လည်းလိမ်းဦးမှ၊ ခြေလက်တွေအတွက်လည်းလိမ်းဦးမှ။ မိတ်ကပ်မလိမ်းရင်တော့ နေလောင်ကာခရင်မ်လေးတော့လိမ်းတတ်ကြပါတယ်။ ဒါပေမယ့် နေလောင်ကာခရင်မ်ဖြစ်တိုင်း ပြီးရောလား။
ကိုယ်သုံးမယ့် နေလောင်ကာခရင်မ်ဟာ အသားအရေကိုမထိခိုက်စေတာ သေချာပြီလား။ နေလောင်ကာခရင်မ်ရဲ့အရည်အသွေးနဲ့ ပါဝင်ပစ္စည်းတွေ၊ဘေးကင်းစိတ်ချရမှုတို့ကိုထည့်စဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်နော်။
တံဆိပ်မျိုးစုံနဲ့ရောင်းချကြတဲ့အထဲတချို့ထုတ်ကုန်တွေမှာ oxybenzone ၊ triclosan၊ parabensနဲ့ phthalates တို့လို ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကို ရှောင်နိုင်ဖို့အရေးကြီးပါတယ်နော်။ ဒီဒြပ်ပေါင်းတွေကြောင့် ဟော်မုန်းလုပ်ဆောင်ချက်တွေကိုပျက်ယွင်းစေပြီးဆဲလ်တွေကိုပျက်စီးစေတယ်၊ ကင်ဆာဖြစ်စေနိုင်တယ်။ဒီလိုမကောင်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ အရည်အသွေးညံ့တာတွေသုံးမိရင် ကိုယ့်မှာဘာတွေထိခိုက်စေနိုင်မလဲဆိုတာသိရင် ဈေးပေါတာ၊ အလွယ်ရတာတွေ သုံးဖြစ်တော့မှာမဟုတ်ပါဘူး။ ဆက်ပြီးဖတ်ကြည့်နော်။
(၁) ဟော်မုန်းလုပ်ဆောင်ချက်ကိုပျက်ယွင်းစေတယ်
လေ့လာမှုတွေအရ oxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့က ဟော်မုန်းတွေကိုကမောက်ကမဖြစ်စေတယ်လို့ ဖော်ပြကြပါတယ်။ ဒါတွေမပါတဲ့ ထုတ်ကုန်တွေကို ရွေးချယ်သင့်တယ်နော်။
(၂) ဆဲလ်တွေကိုပျက်စီးစေတယ်
Oxybenzoneဟာ ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပေးလို့ နေလောင်ကာခရင်မ်တွေမှာအသုံးများတဲ့ ဓာတုပစ္စည်းပါ။ ဒါပေမယ့် ဟော်မုန်းလုပ်ဆောင်ချက်ပျက်ယွင်းမှုတွေနဲ့ ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဓာတ်ကဆဲလ်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုဟန့်တားပြီးဒီအင်န်အေဖြစ်ပေါ်မှုလုပ်ဆောင်ချက်တွေမှာဝင်ရောက်နှောင့်ယှက်နိုင်ပါတယ်။ မျိုးဗီဇသန္ဓေပြောင်းခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ Oxybenzone ဟာအမျိုးသမီးကြီးတွေမှာသားအိမ်ရောဂါဖြစ်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းoxybenzone ပမာဏများနေတဲ့အမျိုးသမီးတွေမှာဆိုရင် ပေါင်မပြည့်တဲ့သမီးမိန်းကလေး မွေးဖွားလာတတ်တယ်လို့ သိရပါတယ်။
(၃) ကင်ဆာဖြစ်စေနိုင်တယ်
ဒီဓာတုပစ္စည်းတွေကြောင့် ကင်ဆာဆဲလ်တွေကြီးထွားလာစေပြီးမျိုးဗီဇပြောင်းလဲမှုတွေကြောင့် ကင်ဆာဖြစ်လာစေနိုင်ပါတယ်။
(၄) ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်
လေ့လာမှုတွေအရ နေလောင်ကာခရင်မ်ရဲ့ဓာတုပစ္စည်းတွေမှာပါတဲ့ benzophenones က ခန္ဓာကိုယ်ထဲမှာအက်စထရိုဂျင်လွန်ကဲတဲ့အာနိသင်အတိုင်းတူညီတဲ့လုပ်ဆောင်ချက်ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာလို ရောဂါတွေဖြစ်လာနိုင်ခြေပိုများစေပါတယ်။
နေလောင်ကာခရင်မ် ဘယ်လိုရွေးချယ်မလဲ
အပေါ်မှာပြောခဲ့တဲ့ ပါဝင်ပစ္စည်းတွေမပါတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်ပါ။ titanium နဲ့ zinc သတ္တုဓာတ်တွေပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ဒီလိုခရင်မ်တွေကဓာတုပစ္စည်းဆိုးတွေလိုအသားအရေထဲထိုးဖောက်မဝင်ရောက်နိုင်တာက ကောင်းကျိုးတစ်ခုပါ။ သဘာဝပစ္စည်းကိုအခြေခံပြီးထုတ်လုပ်တဲ့ ထုတ်ကုန်တွေလည်းရှိပါတယ်။ အကောင်းဆုံးကအရည်အသွေးနဲ့ ဘေးကင်းမှုကိုအာမခံတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ပါ။ အနည်းဆုံး SPF 30 လောက်ရှိတဲ့ နေလောင်ကာခရင်မ်ကိုရွေးချယ်ပါ။

















