အသတ်ခံထားရသည့် ၇ နှစ်အရွယ်မိန်းကလေးအလောင်း သိမ်ဖြူခုံးတံတားအောက်၌ တွေ့ရှိ

အသတ်ခံထားရသည့် ၇ နှစ်အရွယ်မိန်းကလေးအလောင်း သိမ်ဖြူခုံးတံတားအောက်၌ တွေ့ရှိ

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ (စတော့ဂိတ်ခုံး)မီးရထားသံလမ်းကူးခုံးတံတားအောက်တွင် အသတ်ခံထားရသည့် ၇ နှစ်အရွယ်မိန်းကလေးအလောင်း တွေ့ရှိမှု ယနေ့ သြဂုတ် ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ တံတားအောက်၌ မိန်းကလေးငယ်တစ်ဦးအသတ်ခံထားရကြောင်းမီးရထားဝန်ထမ်း၏ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

" ရဲတွေ ၈ နာရီခွဲမှာ ရောက်လာတယ်။ ကလေးမလေးက အသက် ၇ နှစ်လောက်ဘဲရှိသေးတယ်။ ကောင်မလေးရဲ့ မွေးစားအဖေဆိုတဲ့သူကို ရဲတပ်ဖွဲ့က မသင်္ကာလို့ ချက်ချင်းဖမ်းသွားတယ်။ ကောင်မလေးက မသေဆုံးခင် ရုံးကန်ထားတဲ့ ပုံသဏ္ဍာန်နဲ့သေဆုံးနေတယ်။ အဓမ္မပြုကျင့်သလားဆိုတာကတော့ ရဲတပ်ဖွဲ့က စစ်ဆေးမှသိရမှာပါ။ အတတ်ပြောလို့မရဘူး" ဟု အဆိုပါ ခုံးတံတားအနီး ဈေးရောင်းချသူ ဒေါ်မြင့်မြင့်စန်း က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက(ပ) ၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယနေ့သြဂုတ်၂၁ရက်နေ့လယ်ပိုင်း ကနဦးသတင်းများအရ သိရသည်။