ရဲဘက်စခန်းမှ ထွက်ပြေးသူ အကျဉ်းသားခြောက်ဦး ဖမ်းမိ

ရဲဘက်စခန်းမှ ထွက်ပြေးသူ အကျဉ်းသားခြောက်ဦး ဖမ်းမိ

တိုက်ကြီးမြို့  အိုင်ကလောင် ရဲဘက်စခန်းမှ ထွက်ပြေးတိမ်းရှောင်သူ အကျဉ်းသားခြောက်ဦးကို သက်ဆိုင်ရာက အချိန်ပိုင်းအတွင်းပြန်လည်ဖမ်းဆီးရမိခဲ့မှု သြဂုတ် ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည်။

အကျဉ်းစခန်းရှိ ကြီးကြပ်သူများက ၄င်းတို့ ခြောက်ဦးအပါအဝင် အကျဉ်းသား ၆၇ ဦးဖြင့် စခန်း မြောက်ဘက်ရှိ ကွင်းအမှတ် ၉ အတွင်း ဂိုက်ဆွဲခြင်း၊ ဒုံးတင်ခြင်းများပြုလုပ်နေစဉ် ၄င်းတို့ ခြောက် ဦးထွက်ပြေးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် တိုက်ကြီးမြို့ အိုင်ကလောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အသက်မွေးမှု တတ်သင်စခန်း၌ အကျဉ်းသားခြောက်ဦးထွက်ပြေးကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပိတ်ဆို့ဖမ်းဆီးခဲ့သည်။

ထိုသို့ပိတ်ဆို့ဖမ်းဆီးခဲ့ရာ အကျဉ်းစခန်းမှ ထွက်ပြေးသူ ပေါက်ခေါင်းမြို့နေ မျိုးမြင့်ဆွေ(ခ)ဇော်မျိုးအောင်(၂၅) နှစ်၊ကိုထွေး (၄၀)နှစ်၊ မြစ်သားမြို့နယ်နေ လင်းခိုင် (၃၀)နှစ်၊ ဝမ်းတွင်းမြို့နေ သိန်းဇော်(၃၁ နှစ်)၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ သက်ထွန်းဦး(ခ)နေလင်း (၃၀)နှစ်နှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဖြိုးသက်အောင်(၁၉) နှစ်တို့ကို ယင်းနေ့မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲခန့်အတွင်း အသီးသီးပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ရဲဘက်စခန်းမှ ထွက်ပြေးတိမ်းရှောင်သွားပြီး ပြန်လည်ဖမ်းဆီးရမိသူ ခြောက်ဦးကို တိုင်စိန်နယ်မြေ ရဲစခန်းက (ပ)၆၃/၁၉ ရာဇသတ်ကြီး ပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားသည်။