မြောက်ပိုင်းမဟာမိတ်များကို တိုက်ပွဲရပ်ရန် ဖိအားပေးပြီးနောက် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး တွေ့ဆုံ

မြောက်ပိုင်းမဟာမိတ်များကို တိုက်ပွဲရပ်ရန် ဖိအားပေးပြီးနောက် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး တွေ့ဆုံ

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးကိုထောက်ပံ့ထားသည့် တံတားလေးစင်းကို ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် များအား ကူမင်းမြို့သို့ဆင့်ခေါ်ကာ တရုတ်အစိုးရက ဖိအားပေးမှုများပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၂၂ ရက်က မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးတို့ တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စ များ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာ- - တရုတ် စီးပွားရေးစင်္ကြံတို့အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာ - -တရုတ်နယ်စပ်ဒေသ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးဇုန်အား ဆောင်ရွက် သွားရန်ကိစ္စ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရေး ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက အပြုသဘောပါဝင်ကူညီ ဆောင်ရွက်နေသည့်ကိစ္စတို့ ဆွေးနွေးခဲ့သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ခဲ့သည်။

ကူမင်းတွင်တွေ့ဆုံခဲ့

ယခုတွေ့ဆုံမှုမတိုင်မီ သြဂုတ် ၂၀ ရက် က မြောက်ပိုင်းမဟာမိတ်များအား တရုတ် အစိုးရက ယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းပါဝင်ခဲ့ပြီး ၎င်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့နှင့် မကြာခဏတွေ့ဆုံပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာ အစိုးရအကြား ကြားဝင်စေ့စပ်ပေးနေသူဖြစ် သည်။

ကုန်သွယ်ရေးရပ်တန့်စေခဲ့

အေအေ၊ ကိုးကန့်နှင့် တအာင်းလက်နက် ကိုင်သုံးဖွဲ့သည် တပ်မတော်၏စစ်ရေးလှုပ်ရှား မှုများကိုအကြောင်းပြကာ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက တပ်မတော်နည်းပညာတက္ကသိုလ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးစက်နှင့် နေရာ ငါးခုကိုစတင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် တံတားလေးစင်းကို မိုင်းထောင်ဖောက်ခွဲခဲ့ပြီး တရုတ်--မြန်မာနယ်စပ်ကုန်သွယ်ရေးကို ရပ်တန့်စေခဲ့သည်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏လုပ်ရပ်များကို ပြတ်ပြတ်သားသားဆန့် ကျင်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဖြင့်ကူညီ သွားမည်ဟု ပြောဆိုခဲ့သည်။ ယင်းနောက် မြောက်ပိုင်းလက်နက်ကိုင်များကို ကူမင်းမြို့သို့ ဆင့်ခေါ်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြု လုပ်ရန်၊ မြန်မာ - တရုတ်နယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေးကိုထိန်းသိမ်းရန် ပြောဆို ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး