မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုပါက တပ်မတော်ကကြိုဆိုမည်ဖြစ်သကဲ့သို့ တိုက်ပွဲများဖြစ်ချင်ပါကလည်း အဆင်သင့်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက သြဂုတ် ၂၃ ရက်က ပြောကြားခဲ့သည်။
လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော်တွင် သြဂုတ် ၂၃ ရက်ကပြုလုပ်ခဲ့သည့် တပ်မတော်၏ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
အဲဒီအဖွဲ့တွေနဲ့ပတ်သက်လို့ ကျွန်တော် အတိုချုံးပြောလိုက်ပါမယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲကိုလာမှာလား၊ တပ်မတော်အနေနဲ့ ကြိုဆိုတယ်။ တိုက်ပွဲတွေဆက်တိုက်ချင်လား အသင့်ပဲဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့်သြဂုတ် ၁၅ ရက်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တအာင်းအဖွဲ့၊ အေအေ အဖွဲ့၊ ကိုးကန့်အဖွဲ့တို့စုပေါင်းထားသော မဟာမိတ်တပ်များနှင့် တပ်မတော်အကြား တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်ရပ်စဲရေးဒေသများအဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကတည်းက မြန်မာ့တပ်မတော်က သတ်မှတ်ခဲ့သည်။ သို့သော် လည်း ထိုဒေသများအတွင်း လွန်ခဲ့သည့်ရှစ်လတာကာလ၌ တပ်မတော်နှင့်ထိတွေ့ တိုက်ပွဲဖြစ် ပွားမှု ၁၂၂ ကြိမ်၊ လက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်မှု ၄၅ ကြိမ်၊ နယ်မြေကျော်လွန် ၆၁၅ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၇၂ ကြိမ်၊ လူသစ်စုဆောင်းမှု ၉၄ ကြိမ်ရှိခဲ့ကြောင်းသိရသည်။















