လီဗာပူးပွဲ၌ ပီပီကိုပွဲထုတ်ရန်ရှိကြောင်း အမ်မရီ အရိပ်အမြွက်ပြောဆို နည်းပြအမ်မရီ၏အနာဂတ်အစီအစဉ်တွင်မူစတာဖီနှင့်အယ်နီနီမပါဝင်

လီဗာပူးပွဲ၌ ပီပီကိုပွဲထုတ်ရန်ရှိကြောင်း အမ်မရီ အရိပ်အမြွက်ပြောဆို နည်းပြအမ်မရီ၏အနာဂတ်အစီအစဉ်တွင်မူစတာဖီနှင့်အယ်နီနီမပါဝင်

အာဆင်နယ်အသင်းနည်းပြ အမ်မရီက ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်မှူးပီပီကို လီဗာပူးပွဲ၌ ပွဲထွက်အသုံးပြု မည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။

အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးပီပီသည် ပြောင်းရွှေ့ကြေးယူရို သန်း ၈၀ ဖြင့်ရောက်ရှိခဲ့သူဖြစ်သည်။ ပီပီသည် အာဆင် နယ်အသင်း၏ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်များ တွင်  ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။ ပီပီသည် အာဆင်နယ်အသင်းနှင့် ပထမဆုံးပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့်ရရန် အချိန်စောင့် ဆိုင်းနေရသည်။

ပီပီသည် နယူးကာဆယ်၊ ဘန်လေတို့အား အနိုင်ရခဲ့သည့်ပွဲများတွင် လူစားဝင်ကစားသမားအဖြစ် သာ ပါဝင်ခွင့်ရခဲ့သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ် ပွဲစဉ်(၃)၌ပင် ပြိုင်ဘက်ကောင်းလီဗာပူးနှင့် ဆုံတွေ့နေခြင်း ဖြစ်ပြီး အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်သည်။

နည်းပြအမ်မရီက "အခုဆိုရင် ပီပီဟာ ကျွန်တော်တို့နဲ့ အတူ အလုပ်လုပ်နေတာက သုံးပတ်ရှိခဲ့ပါပြီ။ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်မှာတော့ သူမပါခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ခြေစွမ်းတိုးတက်မှု အနေအထားကောင်းတယ်။ လီဗာ ပူးပွဲမှာ မိနစ်ပိုကစားရမယ်လို့ ပြောချင်ပါတယ်။ အနီးကပ် ကျမှ ကျွန်တော်ဆုံးဖြတ်မှာပါ။ သူ့ရဲ့တိုးတက်မှုကတော့ အမှန်တကယ်ကို အကောင်းမြင်လို့ရပါတယ်။ ဒါက သူနဲ့ အသင်းအတွက်ကောင်းပါတယ်"ဟု ဆိုခဲ့သည်။

အာဆင်နယ်နည်းပြအမ်မရီ၏ အနာဂတ်အစီအစဉ် တွင် နောက်ခံလူ မူစတာဖီနှင့် အယ်နီနီတို့မှာ ပါဝင်ခြင်း မရှိတော့၍ ကစားသမားနှစ်ဦးစလုံး မကြာခင်ရက်ပိုင်းအတွင်း အသင်းသစ်ရှာဖွေရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။ မူစတာဖီမှာ ယမန်နှစ်က နည်းပြ အမ်မရီလက်အောက် နေရာရခဲ့သော်လည်း အမှားများသည့် ကစားသမားတစ်ဦးဖြစ်၍ ဝေဖန်ခံနေရသည်။ အယ်နီနီမှာလည်း လက်ရှိအချိန်အထိ ပွဲထွက်ခွင့်မရသေးပေ။

ကစားသမားနှစ်ဦးစလုံးကို လေးစားမှုရှိကြောင်း၊ ၎င်းတို့ မှာလည်း ကိုယ့်အခြေအနေကိုယ်သိကြောင်း အမ်မရီက ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး