မြန်မာမှနေရပ်စွန့်ခွာခဲ့သူများအား  လေ့လာဆန်းစစ်မှုအရ ပြန်လည်ဝင်ရောက်လိုသူမရှိဟု  ယူအင်န်အိတ်ချ်စီအာထုတ်ပြန်

မြန်မာမှနေရပ်စွန့်ခွာခဲ့သူများအား  လေ့လာဆန်းစစ်မှုအရ ပြန်လည်ဝင်ရောက်လိုသူမရှိဟု  ယူအင်န်အိတ်ချ်စီအာထုတ်ပြန်

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ထွက်ခွာ သူများအား မြန်မာနိုင်ငံသို့ ပြန်ရန်ဆန္ဒ ရှိမရှိ လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် ဆန္ဒရှိသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) က သတင်းထုတ်ပြန် ကြောင်း သြဂုတ် ၂၃ ရက်က သိရသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ရခိုင် ပြည်နယ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် နေရပ်စွန့်ခွာသူ ၃၄၅၀ ကို စိစစ်အတည်ပြု ကာ ပြန်လည်လက်ခံရေး ပူးပေါင်းကော်မတီမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်သို့ ပေးပို့ ခဲ့သည့် မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှု အပေါ် အပြုသဘောဆောင်သော ခြေလှမ်း အဖြစ် ယူအင်န်အိတ်ချ်စီအာက ရှုမြင်ထား သည်။

တစ်ဦးတစ်ယောက်မျှမရှိ

ယူအင်န်အိတ်ချ်စီအာသည် ဘင်္ဂလားဒေ့ရှ် အစိုးရ၏အကူအညီဖြင့် နေရပ်စွန့်ခွာသူ များအား မြန်မာနိုင်ငံသို့ ပြန်လာလိုသည့်ဆန္ဒ ရှိ မရှိ၊ ၎င်းတို့၏ဆန္ဒအလျောက် နေရပ်ပြန်လို ခြင်းဟုတ်မဟုတ်ကိုအတည်ပြုနိုင်ရန် လေ့လာ ဆန်းစစ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ယူအင်န်အိတ်ချ် စီအာသည် ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိများ နှင့်အတူ နေရပ်စွန့်ခွာသူများနေထိုင်သည့် နေအိမ်များကိုသွားရောက်ကာ မြန်မာနိုင်ငံသို့ ပြန်ရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့ရာတွင် တွေ့ဆုံ မေးမြန်းခဲ့ပြီးသူများအနက် နေရပ်ပြန်ရန် ဆန္ဒ ရှိသည်ဟုထုတ်ဖော်ပြောဆိုသူ တစ်ဦးတစ် ယောက်မျှပင်မရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြ ခဲ့သည်။ မြန်မာနိုင်ငံမှ ပြန်လာနိုင်ကြောင်းအတည်ပြုပြီးသည့်စာရင်းတွင် ပါရှိသူများ အားလုံးကို လူတွေ့မေးမြန်းမှုပြုလုပ်ရန် စီစဉ် နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ကူညီမှုကို အသိ အမှတ်ပြုကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်မည့် ရက်များအား မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား သဘောတူညီချက်ရရှိပြီး နောက် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က သုံးကြိမ် တိုင်တိုင်ပျက်ကွက်ခဲ့ကြောင်း သြဂုတ် ၂၂ ရက် ညနေပိုင်းက မြန်မာအစိုးရက သတင်းထုတ် ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်၌ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် သြဂုတ် ၂၂ ရက်တွင် တစ်ကြိမ်ပြန်လည်ဝင်ရောက်မည် ဟုသဘောတူပြီးကာမှ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်းမရှိပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး