ညဘက်ကျရင် မျက်စိမှိတ်မယ့်အစားဘယ်တော့မိုးလင်းမှာလဲလို့ နာရီပဲထကြည့်နေရတာမျိုး ကြုံဖူးကြလား။ ဒါမှမဟုတ် တစ်ခုခုလုပ်နေလို့ မအိပ်ဖြစ်တာဆိုလည်းရလဒ်ကတူတူပဲလေ။ အိပ်မပျော်တာဖြစ်ဖြစ်၊ မအိပ်လိုက်ရတာဖြစ်ဖြစ်၊ အိပ်ပျော်လိုက်နိုးလိုက် သံသရာလည်နေတဲ့သူဖြစ်ဖြစ် နောက်ဆုံးခန္ဓာကိုယ်မှာ ဖြစ်လာမယ့်အကျိုးဆက်ကတော့ သိပ်မကွာကြပါဘူး။
ညအိပ်မပျော်တဲ့ရက်တွေ များနေတဲ့သူတွေမှာ နှလုံးကျန်းမာရေးကိုပိုပြီးစိုးရိမ်ဖို့လိုနေပြီလို့ သုတေသနအသစ်ကသတိပေးလာပါတယ်။ ညဘက်အိပ်မပျော်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်လာနိုင်ခြေ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်းအန္တရာယ်နဲ့ လေဖြတ်ခြင်းအန္တရာယ်ပိုများတယ်လို့ ဆက်နွှယ်မှုကိုတွေ့ရှိခဲ့တာပါ။
“ အိပ်ရေးဝခြင်းက နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ် ကိုကာကွယ်နိုင်ဖို့အရေးကြီးတဲ့အချက်ပါ။ “ လို့ ဆွီဒင် သုတေသီ Susanna Larsson ကပြောပါတယ်။ ဒီသုတေသနကိုစတော့ခ်ဟုမ်းမှာရှိတဲ့ Karolinska Institute မှ သုတေသီတွေက လေ့လာခဲ့ကြတာဖြစ်ပါတယ်။
အိပ်မပျော်ခြင်းပြဿနာကိုယေဘုယျလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းမှာခံစားနေရတာဖြစ်ပါတယ်။ သုတေသနအသစ်မှာဥရောပမှာရှိတဲ့ လူဦးရေ ၁ ဒသမ ၃ သန်းကျော်ရဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာခဲ့ကြပါတယ်။အဲဒီအခါ အိပ်မပျော်ခြင်းနဲ့ မျိုးဗီဇဆက်နွှယ်မှုရှိတဲ့သူတွေဟာ နှလုံးရောဂါ၊ နှလုံးပျက်စီးခြင်းနဲ့ လေဖြတ်ခြင်းတို့ဖြစ်နိုင်တဲ့အန္တရာယ်ပိုများတာကို တွေ့ရပါတယ်။
နှလုံးရောဂါအပါအဝင် ရောဂါအခံတွေကြောင့်လည်းအိပ်မပျော်တာမျိုးဖြစ်စေနိုင်တာရှိတာကြောင့် ဘယ်ဟာကအရင်ဖြစ်လဲအတည်ပြုဖို့ခက်ခဲစေပါတယ်။ဒါပေမယ့် သုတေသီတွေက အိပ်မပျော်ခြင်းကို လက္ခဏာအစားမျိုးဗီဇဆိုင်ရာအချက်အလက်တွေကိုအသုံးပြုပြီးလေ့လာခဲ့တာဖြစ်လို့ အိပ်စက်ခြင်းပြဿနာတွေက နှလုံးနဲ့လေဖြတ်ခြင်းအန္တရာယ်ပိုများတာနဲ့ တိုက်ရိုက်ဆက်နွှယ်နေသလားဆန်းစစ်ကြည့်ဖို့ ပိုလွယ်သွားပါတယ်။
ဆက်တိုက်အိပ်ရေးပျက်နေမယ်ဆိုရင် – ဉာဏ်ကထုံထိုင်းလာနိုင်တယ်၊ စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်၊ ရုပ်ပိုရင့်စေတယ်၊ နောက်ပိုင်းမှာကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာနိုင်တယ်။နောက်ဆက်တွဲပြဿနာအနေနဲ့ နှလုံးရောဂါ၊ သွေးတိုး၊ အဝလွန်ခြင်းစတဲ့ ရောဂါဆိုးတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။ ပိုဝလာနိုင်တယ်၊ အိပ်ရေးပျက်ရင် ပိုဆာတယ်၊ အစာစားချင်စိတ်ပိုဖြစ်လာနိုင်တယ်တဲ့။
အဆီများ၊ အချိုများပြီးကျန်းမာရေးနဲ့မညီတာတွေကိုမှ ပိုစားချင်တတ်တာဖြစ်လို့ အဝလွန်ခြင်းကိုဦးတည်လာနိုင်တယ်။ အိပ်ရေးမဝတဲ့အခါ Leptin ဟော်မုန်းပမာဏကိုလျော့စေပြီးဆာလောင်မှုကိုနှိုးဆွတဲ့ Ghrelin ပမာဏကိုတိုးစေလို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် ညတိုင်းအနည်းဆုံး ၇ နာရီကနေ ၈ နာရီလောက် အိပ်ချိန်ရှိဖို့ အရေးကြီးပါတယ်။အိပ်မပျော်တတ်တဲ့သူတွေဟာအိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ အမူအကျင့်တွေကိုပြောင်းလဲပစ်ဖို့လိုတယ်၊ စိတ်ဖိစီးမှုတွေပြေလျော့အောင် လုပ်ဖို့လိုတယ်လို့ သုတေသီတွေကအကြံပေးပါတယ်။
အိပ်စက်ခြင်းအပေါ် မျိုးဗီဇကြောင့်သက်ရောက်မှုကအနည်းငယ်သာရှိပြီးလူတွေရဲ့အမူအကျင့်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပတ်ဝန်းကျင်ကအကြောင်းရင်းခံတွေကြောင့် အဓိကပါလို့ သူကဆိုပါတယ်။

















