ဒေါ့မွန်အသင်း ဂိုးပြတ်နိုင်ပွဲဆက်၊ ဘွန်ဒက်စ်လီဂါစံချိန်တစ်ခု ဆန်ချိုရခဲ့

ဒေါ့မွန်အသင်း ဂိုးပြတ်နိုင်ပွဲဆက်၊ ဘွန်ဒက်စ်လီဂါစံချိန်တစ်ခု ဆန်ချိုရခဲ့

ရာသီသစ်အတွက် အကောင်းဆုံးပြင် ဆင်ထားသော ဒေါ့မွန်အသင်းသည် သြဂုတ် ၂၃ ရက်က ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂) အဖြစ် တန်းတက်ကိုလုံးကွင်းတွင် သွားရောက်ကစား ခဲ့ရာ သုံးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြကစားခဲ့သော အင်္ဂလန်တောင်ပံ ကစားသမား ဆန်ချိုမှာလည်း ဘွန်ဒက်စ်လီဂါ စံချိန်တစ်ခုရရှိခဲ့ကြောင်း သိရသည်။

ဒေါ့မွန် နည်းပြ ဖက်ရီသည် ပွဲထွက်လူစာရင်းတွင် အယ်ကာဆာ၊ သော်ဂန်ဟာဇက်၊ မာကိုရူးစ် နှင့် ဆန်ချိုတို့ကို အသုံးပြုခဲ့သည်။ ကိုလုံး အသင်းမှာ ဒေါ့မွန်နှင့် ရင်ပေါင်တန်းကစားရန် ပြင်ဆင်ခဲ့သော်လည်း ပွဲချိန်ကြာလာသည်နှင့် အမျှ ကစားအားခြင်းမယှဉ်နိုင်ခဲ့ပေ။ ဒေါ့မွန် မှာ ဂိုးပြတ်နိုင်ခဲ့သော်လည်း ဦးဆောင်ဂိုး စပေးခဲ့ရသည်။

ကိုလုံးအတွက် ဦးဆောင်ဂိုးကို ဒရက်လာ က ပွဲချိန် ၂၉ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဒေါ့မွန်သည် ပွဲချိန်မိနစ် ၇၀ တွင် ချေပဂိုးရခဲ့ပြီး ဆန်ချိုက သွင်းယူပေးခဲ့သည်။ ဒေါ့မွန်သည် ပွဲချိန် ၈၆ မိနစ်တွင် ဒုတိယဂိုးရခဲ့ပြီး လူစားဝင် ဟာကီမီက သွင်းယူခဲ့သည်။ နှစ်ဂိုး တစ်ဂိုးဖြင့် ပွဲပြီးမည်ဟုထင်ရသော်လည်း ဒေါ့မွန်မှာ ပွဲပြီးလုချိန်တွင် တတိယဂိုးထပ်ရခဲ့သည်။ ဒေါ့မွန်သည် တန်ပြန်တိုက်စစ်မှ အနိုင်ဂိုးထပ် ရခဲ့ခြင်းဖြစ်ပြီး ဆန်ချို၏ဖန်တီးမှုမှတစ်ဆင့် တိုက်စစ်မှူး အယ်ကာဆာက သွင်းယူခဲ့သည်။

ဒေါ့မွန်သည် တစ်ပွဲလုံးတွင် ဘောလုံးပိုင် ဆိုင်မှု ၇၄ ရာခိုင်နှုန်းရရှိအောင် ကစားနိုင် ခဲ့ပြီး ဘွန်ဒက်စ်လီဂါနှစ်ပွဲဆက်တိုက် ရှစ်ဂိုး သွင်းနိုင်ခဲ့သည်။ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားဆန်ချိုမှာ ၁၉၆၇ ခုနှစ်က ကော့ပယ်တင်ထားသော ဘွန်ဒက်စ် လီဂါစံချိန်ကိုချိုးဖျက်နိုင်ခဲ့သည်။

ကော့ပယ် သည် အသက် ၁၉ နှစ် ၁၈၅ ရက်ဖြင့် လိဂ်ဂိုး ၁၅ ဂိုးသွင်းနိုင်ခဲ့သူဖြစ်သည်။ ဆန်ချိုသည် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် အသက် ၁၉ နှစ် ၁၅၁ ရက်ဖြင့် လိဂ်ဂိုး ၁၅ ဂိုးသွင်းယူ နိုင်သော အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဆန်ချိုသည် ယမန် နှစ်က ဒေါ့မွန်အသင်းအတွက် ၁၂ ဂိုးသွင်း ယူကာ ၁၄ ကြိမ်ဂိုးဖန်တီးခဲ့သည်။



ဖတ်ရှုမှုအများဆုံး