တက္ကစီယာဉ်မောင်းနှင့်အပေါင်းအပါတို့က ငှားစီးသူခရီးသည်သုံးဦးကို ရိုက်နှက်လုယက်

တက္ကစီယာဉ်မောင်းနှင့်အပေါင်းအပါတို့က ငှားစီးသူခရီးသည်သုံးဦးကို ရိုက်နှက်လုယက်

တက္ကစီယာဉ်မောင်းနှင့်အပေါင်းအပါတို့က ငှားစီးသူခရီးသည်သုံးဦးကို ရိုက်နှက်လုယက်မှု လှိုင်မြို့နယ်တွင် ဩဂုတ် ၂၄ ရက် နံနက် ၃နာရီခွဲက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်နေ ရဲထက်အောင်(၂၀)နှစ်ပါ အမျိုးသားသုံးဦးသည် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံမှ စမ်းချောင်းမြို့နယ်ရှိ နေအိမ်သို့ AA/×××× Feilder အငှားမော်တော်ယာဉ်(တက္ကစီ)ဖြင့် ပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက် ပါရမီလမ်းဆုံအရောက်၌ ယာဉ်မောင်း(စိစစ်ဆဲ)က ယာဉ်အားရပ်တန့်ပြီးနောက် ယာဉ်နောက်ဖုံးအတွင်း လိုက်ပါလာသော အမည်မသိအမျိုးသားတစ် ဦး(စိစစ်ဆဲ)က ရဲထက်အောင်အား ဓားဖြင့်ထောက်၍ “ပါတာအကုန်ပေး” ဟုပြောဆိုခဲ့သည်။

ယင်းနောက် ယာဉ်မောင်းနှင့် ယာဉ်ရှေ့ခန်း၌ အတူလိုက်ပါလာသော အမည်မသိအမျိုးသားတစ် ဦး(စိစစ်ဆဲ)တို့က တုတ်/သံချောင်းများဖြင့် ရဲထက်အောင်ပါသုံးဦးအား ရိုက်နှက်ပြီး ၎င်းတို့ထံမှ ဖုန်းသုံး လုံး၊ လက်စွပ် တစ်ကွင်းနှင့် ငွေ ၄၀,ဝ၀ဝ ကျပ်တို့အားလုယူကာ အဆိုပါယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ရိုက်နှက်ခံရမှုကြောင့် ရဲထက်အောင်ပါ သုံးဦးတွင် နဖူး၊ ပါး၊ ယာလက်ခုံ ဖူးရောင်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။ AA/×××× Feilder အငှားယာဉ်မောင်းပါ အမည်မသိအမျိုးသားသုံးဦး(စိစစ်ဆဲ)အား ပိတောက်ချောင်းနယ်မြေရဲစခန်းက (ပ)၁၀ဝ၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

အမှုမှတရားခံများဖမ်းဆီးရမိရေးအတွက် လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဌေးဦးစီးအဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ နိုင်ရဲလင်း(၂၂)နှစ်အား ၎င်း၏နေအိမ်၌ သက်သေခံယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူများမှာ ဖြိုးဝေလင်း(ခ)အညာသားနှင့် ဝေယံ(ခ)ပုရစ် တို့ဖြစ်ကြောင်း သက်ဆိုင်ရာက သိရှိရပြီးနောက် ဖြိုးဝေလင်း(ခ)အညာသား(၂၂)နှစ်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်း ခြောက်သုံးလုံးကားမှတ်တိုင်အနီး သက်သေခံလက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဝေယံ(ခ)ပုရစ်(၂၃)နှစ်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။