ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

အတွဲ ၄၇၊ အမှတ် ၉၃၉ မှ အဆက်

မွန်းလွဲ ၁ နာရီလောက်တွင် ကန့်ဘလူဘူတာသို့ မီးရထားဆိုက်ရောက်ရာ မီးရထားပေါ်မှဆင်းကြပြီး ယောင်လည်လည်ဖြစ်နေစဉ် ''မြို့ပိုင် ဦးကျော်အေးလား''ဟု လူတစ်ယောက်ကလာမေးရာ မိမိက''ဟုတ်ပါတယ်'' ဟု ပြန်ပြောသောအခါ ''နယ်ပိုင်ကြီးတို့လာပြီး ကြိုနေပါတယ်'' ဟု လက်ညှိုးဖြင့် ညွှန်ပြပြောဆိုသဖြင့် မီးရထားတွဲဘေး မနီးမဝေးတွင်ရှိသော နယ်ပိုင်ဝန်ထောက်ရှိရာသို့ မိမိသွားရောက်ရာ နယ်ပိုင်ဝန်ထောက်မှာလည်း မိမိရှိရာသို့ ဦးတည်လာနေသဖြင့် တွေ့ဆုံကြရပါသည်။

နယ်ပိုင်ဝန်ထောက်က ''ကျွန်တော် ဦးလှအောင်ပါ'' ဟုပြော၍ လက်ကမ်းပေးပြီး နှုတ်ဆက်ရင်း ''ကျွန်တော်တို့အထက််တန်းတွဲမှာ သွားကြိုနေကြတာ'' ဟုပြောရာ မိမိက ''မန္တလေးဘူတာကြီးမှာ မီးရထားအထက်တန်းတွဲလက်မှတ်ကို တစ်ရက်ကြိုတင်ပြီးသွားဝယ်တော့ လက်မှတ်ရောင်းစာရေးက ခရီးသွားမည့် နေ့ကျမှ ကြိုတင်လာရောက်ပြီးဝယ်ပါလို့ ပြောပါတယ်၊ ဒီနေ့မနက် မီးရထားမထွက်မီ တစ်နာရီကျော်လောက် ကြိုတင်ပြီးသွားဝယ်တော့ အထက်တန်းလက်မှတ်ကုန်သွားပြီလို့ ပြောပါတယ်။ ဒါကြောင့်ရိုးရိုးတန်းလက်မှတ်ဝယ်ပြီး လိုက်ခဲ့ရတာပါ'' ဟု ပြန်ပြောရပါသည်။ နယ်ပိုင်ဝန်ထောက်နှင့်အဖွဲ့ မိမိတို့အား လာရောက်ကြိုဆိုနေခြင်းမှာ မိမိစစ်ကိုင်းတိုင်းမင်းကြီးရုံးသို့ ရောက်ရှိစဉ်က ကန့်ဘလူသို့ သွားမည့်ရက်ကို သတင်းပေးခဲ့ခြင်းကြောင့် တိုင်းမင်းကြီးရုံးက ကြေးနန်းပို့ထားသောကြောင့် ဖြစ်သည်။ လာရောက်ကြိုဆိုသူများတွင် နယ်ပိုင်ဝန်ထောက်နှင့် ရုံးဝန်ထမ်းများအပြင် မိမိမသိသော ဥပဓိရုပ်ရည်သားနားသည့် လူတစ်ဦးလည်းပါဝင်ပြီး ၄င်းက မိမိနာမည်ခေါ်၍ နှုတ်ဆက်ပြီး ရင်းနှီးစွာပြောနေသော်လည်း မိမိက ၄င်းကိုမှတ်မိပုံမရသည်ကို ရိပ်မိသွားပြီး သူက ''ကျွန်တော် သန့်ဇင်လေ၊ မြို့နယ်ကုန်သွယ်ရေးမန်နေဂျာပါ။ ခင်ဗျားနဲ့အတူ နတ်မောက်စက်မှုလက်မှုကျောင်းမှာ လက်ထောက်မြို့ပိုင် အလုပ်ခွင်ဝင်ရက်တိုသင်တန်းအတူတက်ခဲ့တာလေ၊ မမှတ်မိဘူးလားပြောမှ မိမိက''သြော် ကိုသန့်ဇင်၊ ရုတ်တရက်ဆိုတော့ စဉ်းစားလို့မရဘူး၊ ဆယ်နှစ်ကျော်သွားပြီဆိုတော့ ရုပ်တွေက နည်းနည်းပြောင်းသွားကြပြီကိုး၊ ခင်ဗျားလည်း တော်တော်ဝနေတာပဲ၊ ခင်ဗျားနဲ့အတူ အလုပ်လုပ်ရမှာဆိုတော့ ဝမ်းသာပါတယ်ဗျာ'' ဟု ပြောရပါသည်။ ကိုသန့်ဇင်သည် လက်ထောက်မြို့ပိုင်အဖြစ် ဆောင်ရွက်နေရာမှ မြို့နယ်ကုန်သွယ်ရေးဌာနများ ပေါ်ပေါက်လာသောအခါ လစာတစ်ဆင့်မြင့်သော မြို့နယ်ကုန်သွယ်ရေးမန်နေဂျာ (လစာနှုန်း ၃၃,ဝ၁၅,၄၅ဝ) အဖြစ် ကန့်ဘလူမြို့နယ်သို့ ရောက်ရှိနေသူဖြစ်ကြောင်း သိရသည်။ 

ကန့်ဘလူမြို့တွင် နယ်ပိုင်ဝန်ထောက်နှင့်မြို့ပိုင်တို့အတွက် အစိုးရက ဆောက်ပေးထားသော နေအိမ်များရှိသည်။ အိမ်လခမှာ မိမိလစဉ်ရသော လစာငွေ၏ ၁၂ရာခိုင်နှုန်းဖြစ်သဖြင့် ကျိုက်မရောနှင့် သရက်ချောင်းတို့တွင် အရပ်ထဲမှ အိမ်ကိုငှားရမ်းနေထိုင်သည်ထက် အိမ်လခသက်သာသည်။ နယ်ပိုင်နှင့်မြို့ပိုင်နေအိမ်တို့မှာ အစိုးရအထက်တန်းကျောင်း၊ ၄င်းနှင့်ကပ်လျက်ရှိသော မြို့နယ်ဘောလုံးကွင်းနှင့် နယ်ပိုင်၊ မြို့ပိုင်ရုံးနှင့် ၄င်းနှင့်ကပ်လျက်ရှိသော မြို့နယ်ဆေးရုံတို့အကြား ကျယ်ဝန်းသောမြေကွက်လပ်တွင် အရပ်သားအိမ်များနှင့် ရောနှောခြင်းမရှိဘဲ မြေကွက်ကျယ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဆေးရုံနှင့် မြို့ပိုင်အိမ်အကြားရှိ မြေကွက်ကျယ်ကြီးတွင် ဝါးထရံကာ၊ ဝါးကပ်မိုး၍ ဆောက်လုပ်ထားသော ယာယီရုပ်ရှင်ရုံတစ်ရုံရှိသည်။ ပုဂ္ဂလိကပိုင်မဟုတ်ဘဲ မြို့နယ်သာယာရေးရန်ပုံငွေအတွက် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်နှင့် ဇာတ်ပွဲများ တစ်ခါတစ်ရံတွင်သာ ရုံသွင်းပြသသည်ကို တွေ့ရသည်။ 

တစ်ကျပ်တန်အထုပ်များမှာ စက်ရုံမှထုတ်ပေးသည့်အတိုင်း အသစ်များဖြစ်သော်လည်း ရွက်ရေ ၁ဝဝ မပြည့်တော့ဘဲ ခြစားပြီး အပိုင်းအစများနှင့်အတူ အဝတ်အိတ်ထဲထည့်ထားသည်ကို . . .

နယ်ပိုင်ဝန်ထောက်အိမ်မှာ ခရိုင်ရုံးစိုက်ရာမြို့ကြီးများတွင် ခရိုင်ဝန်များအတွက် ဆောက်လုပ်ပေးထားသော နှစ်ထပ်ပျဉ်ထောင်အိမ်များနှင့် ပုံစံတူအိမ်ကြီးဖြစ်သည်။ အောက်ထပ်တွင် ကျောက်ပြားများခင်းထားပြီး အပေါ်ထပ်မှာ ပျဉ်ခင်းဖြစ်သည်။ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ထားသော ပုံစံတူအိမ်ကြီးဖြစ်သည်။ အိမ်ကြီးသလောက် နယ်ပိုင်ဝန်ထောက်၏ တန်ခိုးအာဏာလည်း အလွန်ကြီးခဲ့သည်ဟု မှန်းဆနိုင်သည်။ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့သော မြို့ပိုင်အိမ်ဟူ၍ မိမိမတွေ့ခဲ့ဖူးပေ။ ကန့်ဘလူမြို့ပိုင်အိမ်မှာ တိုင်များကိုအုတ်ဖိနပ်ခံ၍ မြေကြီးအထက် သုံးလေးပေလောက်တွင် ပျဉ်ခင်းထားသော မီးခံပြားမိုးပျဉ်ထောင်အိမ်ဖြစ်သည်။ အလျားပေ ၃ဝ ကျော်၊ အနံပေ ၂ဝ ကျော်လောက်ရှိပြီး အခန်းသုံးခန်းကို နံရံများဖြင့် ပိုင်းခြားထားသည်။ တစ်ခန်းနှင့်တစ်ခန်းကူးသန်းရာတွင် အိမ်ရှေ့နှင့်အိမ်နောက်တွင်ရှိသော စင်္ကြံလမ်းများမှသွားရသည်။ အိမ်ဦးခန်းနှင့် အိမ်နောက်ခန်းတို့၏ နောက်ဖက်တွင် ရေချိုးခန်းနှင့် မီးဖိုခန်းတို့ကိုတွဲပေးထားသည်။ မိမိတို့မိသားစုသည် အိမ်ဦးခန်းကြမ်းပြင်တွင် ဖျာနှင့် မွေ့ရာများခင်းပြီး အိပ်ကြသည်။ သရက်ချောင်းမှ သယ်ဆောင်လာသော ဂုံနီအိတ်များပတ်ထားသည့် ခုတင်နှစ်ခုကို တပ်ဆင်ခြင်းမပြုဘဲ နံရံများဘေးတွင်ကပ်၍ လှဲထားသည်။ (ဤအလုပ်ကို ဆက်လုပ်ရန် စိတ်မပါတော့သဖြင့် မကြာမီပြန်ပြောင်းတော့မည်ဟူသော စိတ်ကူးဖြင့် ယင်းသို့ထားခြင်းဖြစ်သည်။) အလယ်ခန်းကို ဧည့်ခန်းအဖြစ် အသုံးပြုသည်။ သရက်ချောင်းမှပြောင်းရွှေ့ခါနီးတွင် ဆက်တီကုလားထိုင်နှင့် စားပွဲများကို မသယ်ယူနိုင်တော့သဖြင့် ရောင်းချခဲ့ရာ ဧည့်ခန်းတွင် ဆက်တီကုလားထိုင်နှင့် စားပွဲများမထားတော့ဘဲ ကန့်ဘလူတွင် ကျွန်းနှင့် ပျဉ်းကတိုးသစ်များပေါသဖြင့် ပျဉ်းကတိုးဖြင့်ပြုလုပ်သော ပက်လက်ကုလားထိုင်လေးလုံးကိုသာ ထားသည်။ မိမိ၏အိမ်သို့ ဧည့်သည်များလာသည်ဟူ၍မရှိလှဘဲ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးခင့်ဝှာနှင့် မိသားစုများ ညအခါတွင် လာလည်လေ့ရှိသည်။ ပြောင်းရွှေ့ခါနီးတွင်မှ ကျွန်းသစ်ဖြင့်ပြုလုပ်သော ဆက်တီကုလားတိုင်နှင့် စားပွဲတစ်လုံးကို ဝယ်ယူခဲ့သည်။ 

မိမိတို့ရောက်ရှိပြီး နောက်တစ်နှစ်ကျော်လောက်ရှိသောအခါ ညသန်းခေါင်အချိန်လောက်တွင် အထက်တွင်ဖော်ပြခဲ့သော ယာယီရုပ်ရှင်ရုံကိုမီးလောင်ရာ မိမိတို့မိသားစုမှာ ငွေနှင့်လက်ဝတ်လက်စားမှအပ အခြားပစ္စည်းများမယူနိုင်ဘဲ မီးနှင့် ဝေးရာကွင်းပြင်ထဲသို့ ဆင်းပြေးကြရသည်။ မြို့ပိုင်၏နေအိမ်မှာ ပျဉ်ထောင်အိမ်ဖြစ်သော်လည်း အမိုးပြားမှာ ဘိလပ်မြေဖြင့်ပြုလုပ်သော မီးခံအမိုးပြားများဖြစ်သောကြောင့် မီးလောင်နေသောရုပ်ရှင်ရုံမှ လွင့်စင်လာသော မီးကျီးခဲများမှာ ခေါင်မိုးမီးခံပြားအားလုံးပေါ်တွင် နီရဲနေသော မီးခဲပြင်ကြီးဖြစ်နေသည်။ အိမ်တစ်ဆောင်လုံး မီးမလောင်ခြင်းမှာ ဘိလပ်မြေအမိုးပြား၏ ကျေးဇူးကြောင့်ဖြစ်သည်။ အိမ်နံရံပျဉ်များမှာ မီး၏အရှိန်ကြောင့် တစ်ဖျစ်ဖျစ်မည်ကာ မီးထတောက်မည့် အခြေအနေရှိသော်လည်း မိမိနှင့်နီးရာအိမ်များမှ လူအချို့ရောက်လာပြီးအိမ်နောက်ဖေးအိမ်နှင့်ကပ်လျက်ရှိသော မိုးရေသိုလှောင်သည့် အုတ်ရေလှောင်ကန်မှရေများဖြင့် မီးနှင့်နီးသော နံရံနှစ်ဖက်ကိုပက်ပေးသဖြင့် မြို့ပိုင်အိမ်ကို မီးမကူးခြင်းဖြစ်သည်။ 

နယ်ပိုင်ဝန်ထောက်ရုံးနှင့် မြို့ပိုင်ရုံးတို့မှာ ၄င်းတို့၏နေအိမ်များနှင့် ကွင်းပြင်တစ်ခုသာခြားပြီး ငါးမိနစ်ကျော်လောက် လမ်းလျှောက်သွားရသည်။ ရဲစခန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ်များနှင့် တစ်ဝင်းတည်းတွင်ရှိသည်။ နယ်ပိုင်ဝန်ထောက်ရုံးမှာ တစ်ထပ်တိုက်ဖြစ်ပြီး အုတ်နီများဖြင့် ကာရံထားသည်။ အုတ်များကို ဘိလပ်မြေအုပ်၍ ဆေးသုတ်ထားခြင်း မရှိပေ။ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့သောရုံးဖြစ်သည်။ မြို့ပိုင်ရုံးမှာ နယ်ပိုင်ဝန်ထောက် ရုံးဘေးတွင် ကပ်လျက်ရှိပြီး မြေကြီးအထက်ရှစ်ပေလောက်အမြင့်တွင် ကြမ်းခင်းထားသော ခြေတံရှည်ပျဉ်ထောင််အဆောက်အအုံဖြစ်သည်။ သို့သော် တော်လှန်ရေးကောင်စီခေတ်တွင် ၄င်းရုံးကို မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီရုံးအဖြစ် ပြုလုပ်ထားသည်။ မိမိမရောက်ရှိမီ ကာလအတော်ကြာ မြို့ပိုင်ခန့်ထားခြင်းမရှိဘဲ ဇီးကုန်းမြို့နယ်ခွဲ လက်ထောက်မြို့ပိုင်က ယာယီအားဖြင့် မြို့ပိုင်၏တာဝန်ကိုပါ ပူးတွဲဆောင်ရွက်လျက်ရှိသည်။ မြို့ပိုင်ရုံးကို နလကရုံးအဖြစ် အသုံးပြုထားသောကြောင့် မြို့ပိုင်သည် နယ်ပိုင်ဝန်ထောက်ရုံးတွင် ယခင်က နယ်ပိုင်ဝန်ထောက်၏ တရားခွင်အဖြစ် အသုံးပြုခဲ့သော အခန်းကျယ်တစ်ခုတွင် ရုံးထိုင်သည်ကို တွေ့ရှိရသည်။ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးသာရှိသည်။ ဗီရိုပင်မရှိပေ။ ယင်းအခန်းမှာလည်း အလယ်ခန်းဖြစ်၍ အလင်းရောင်ကောင်းစွာ မရရှိပေ။ မြို့ပိုင်၏တာဝန်များကို ပူးတွဲဆောင်ရွက်နေသော လက်ထောက်မြို့ပိုင်မှာလည်း အလုပ်ဝင်ရောက်သည်မှာ မကြာသေးသောကြောင့် မြို့ပိုင်၏အလုပ်များကို နယ်ပိုင်ဝန်ထောက်ကသာ ဦးစီးဆောင်ရွက်နေပုံရသည်။ မိမိ တာဝန်လွှဲပြောင်းယူပြီးနောက် လေးငါးရက်ကြာသောအခါ နယ်ပိုင်ရုံးခန်းနှင့် ကပ်လျက်ရှိသော အလျား ၁၂ ပေ၊ အနံ ၈ ပေခန့်ရှိသော ဘီးလစ်စာရေး (ရုံးအုပ်စာရေး)၏ အခန်းကို မွမ်းမံပြင်ဆင်ပြီး မြို့ပိုင်ရုံးခန်းအဖြစ် အသုံးပြုသည်။ ဘီးလစ်စာရေးကိုမူ မိမိ၏အခန်းဟောင်းတွင် ပြောင်းရွှေ့နေစေခဲ့သည်။ 

ကန့်ဘလူသို့ မိမိရောက်ရှိသည့်နေ့မှာပင် ရုံးသို့သွားရောက်ပြီး နောက်နေ့တွင် ငွေတိုက်လုပ်ငန်း တာဝန်များကို လွှဲပြောင်းယူမည်ဖြစ်သဖြင့် နံနက် ၈နာရီတွင် ရုံးသို့အရောက်လာကြရန် မြို့ပိုင်၏တာဝန်များကို ပူးတွဲဆောင်ရွက်နေသော လက်ထောက်မြို့ပိုင်၊ ငွေတိုက်စာရေးနှင့် ငွေရေတွက်ရာတွင် အကူအညီပေးသည့် ရုံးအကူတို့ကို ချိန်းဆိုခဲ့သည်။ နောက်တစ်နေ နံနက် ၈ နာရီတွင် မိမိရုံးသို့သွားရောက်သောအခါ ကျန်လူများရုံးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း လက်ထောက်မြို့ပိုင်မှာ ရောက်လာခြင်းမရှိ၍ တစ်နာရီကျော်ကျော်စောင့်ဆိုင်းနေကြရသည်။ ၄င်းရောက်ရှိလာသောအခါ မိမိက ၄င်းအား အပြစ်တင်သည့်စကားဆိုသော်လည်း ပြန်ပြောခြင်းမရှိပေ။ 

ငွေတိုက်ကိုဖွင့်လှစ်ပြီး စာရေးများ၏အကူအညီဖြင့် ငွေစက္ကူအားလုံးကို ရေတွက်သောအခါတွင်တစ်ကျပ်တန် ငွေစက္ကုထုပ်အချို့ကို ခြစားထားသည်ကိုတွေ့ရှိရသည်။ တစ်ကျပ်တန်အထုပ်များမှာ စက်ရုံမှထုတ်ပေးသည့်အတိုင်း အသစ်များဖြစ်သော်လည်း ရွက်ရေ ၁ဝဝ မပြည့်တော့ဘဲ ခြစားပြီး အပိုင်းအစများနှင့်အတူ အဝတ်အိတ်ထဲထည့်ထားသည်ကို တွေ့ရှိရသည်။ ကျန်ရှိနေသော ငွေစက္ကူအချို့မှာလည်း တစ်ပိုင်းတစ်စခြစားထားပြီး ငွေစက္ကူနံပါတ် မပေါ်တော့ပေ။ ခြကိုက်ထားသော တစ်ကျပ်တန်ငွေစက္ကူထုတ်များ၏တန်ဖိုးမှာ ကျပ်ခုနစ်ထောင်ကျော် ဖြစ်သည်။ 

ခြစားသည်မှာ တစ်ကျပ်တန်ထုပ်များဖြစ်၍ တော်ပေသေးသည်။ ရာတန်ထုပ်များဖြစ်လျှင်တော့ ငွေတိုက်အရာရှိနှင့် ငွေတိုက်စာရေးတို့မှာ ကြီးလေးသော ပြစ်ဒဏ်များပေးခြင်းခံကြရမည် ဖြစ်ပါသည်။ ငွေတိုက်လက်စွဲပါ စည်းမျဉ်းအရ ငွေစက္ကူထည့်သော ကျွန်းသေတ္တာနှစ်လုံးကို အောက်ခံခုံများပေါ်တွင်တင်ထားရာ အောက်ခံခုံများ၏ ခြေထောက်(၄)ချောင်းစလုံး၏ အောက်တွင် စဉ့်ခွက်ကြီးများခံထားပြီး ခွက်တစ်ဝက်ခန့်အထိ ရေနံချေးများလောင်း ထည့်ထားရသည်။ ခွက်တိုင်းတွင် ရေနံချေးများရှိနေပါက ခြဝင်ရန်မဖြစ်နိုင်ပေ။ ကျွန်းသေတ္တာကြီးများ၏အတွင်းနံရံများတွင်လည်း ၂၈ ဂိတ်လောက်အထူရှိသော သွပ်ပြောင်ချောများကို သံဖြင့်ရိုက်၍ ကပ်ထားရာ သွပ်ပြားကပ်စဉ်က မသေသပ်လျှင်မူ သေတ္တာ၏အောက်ခြေထောင့်လေးထောင့်တွင် အပေါက်များရှိနိုင်သည်။ ယင်းသို့ အပေါက်ရှိလျှင်လည်းလှေဖာထေးသော ပွဲလျက်ဖြင့် ပိတ်ထားရသည်။ ဤသို့လုံခြုံစွာပြုလုပ်ထားပါလျက် အလွန်ပူပြင်းသော ဤဒေသ၌ သေတ္တာအတွင်းသို့ခြဝင်သည်ဆိုခြင်းမှာ အလွန်ပင်အံသြဖွယ်ရာကိစ္စဖြစ်ပါသည်။ ဖြစ်နိုင်ခြေရှိသည်မှာ အောက်ခံစဉ့်ခွက်များတွင် အချိန်ကြာလာသည်နှင့်အမျှ ရေနံချေးများခန်းခြောက်သွားခြင်းကြောင့်သာ ဖြစ်နိုင်ဖွယ်ရှိသည်။ အောက်ခံစဉ့်ခွက်များတွင် ရေနံချေး ရှိ မရှိ အစဉ်အမြဲစစ်ဆေးကြည့်ရှုပြီး ရေနံချေးများထပ်ဖြည့်ပေးရန်မှာ ငွေတိုက်စာရေး၏ တာဝန်ဖြစ်သော်လည်း ကြီးကြပ်သူအရာရှိတွင်လည်း တာဝန်မကင်းချေ။ မိမိတာဝန်ကျခဲ့သော ငွေတိုက်ခွဲများတွင်မူ စဉ့်ခွက်များတွင် ရေနံချေး လျော့နည်းခြင်းမရှိသော်လည်း ငွေတိုက်စာရေး သို့မဟုတ် ရုံးအကူက လစဉ်ပင်ရေနံချေးဖိုးထုတ်ယူသည်ကို မိမိက မသိချင်ယောင်ဆောင်ပြီး ငွေထုတ်ခွင့်ပြုခဲ့ရသည်။ ယခု တစ်ကျပ်တန်များကို ခြစားသည်ကိစ္စတွင် ငွေတိုက်လုပ်ငန်းလွှဲပြောင်းလက်ခံသည့် အစီရင်ခံစာ၌''တန်ဖိုးအားဖြင့် (xxx) ကျပ်ရှိသည်ဆိုသော ခြကိုက်ထားသည့် တစ်ကျပ်တန်ငွေစက္ကူများကို ရေတွက်၍မရနိုင်သဖြင့် အဝတ်ထုပ်တွင် ထည့်ထားသည့် အတိုင်းလက်ခံပြီး ငွေသေတ္တာတွင် သိမ်းဆည်းထားပါကြောင်း'' မှတ်ချက်ရေးပြီး တာဝန်လွှဲအပ်သူနှင့် တာဝန်လက်ခံသူတို့က လက်မှတ်ရေးထိုးကြပါသည်။ 

ငွေတိုက်ခွဲအရာရှိ၏ လုပ်ငန်းတာဝန်များလွှဲပြောင်းကြောင်း အစီရင်ခံစာမှာ ထိုစဉ်က မပြီးပြတ်သေးသော ကန့်ဘလူမြို့နယ် ငွေတိုက်ခွဲတွင် တစ်ကျပ်တန်ငွေစက္ကူများ ခြစားသည့်ကိစ္စစုံစမ်းစစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်စေရန် နှိုးဆော်လိုက်သည့်သဘောဖြစ်သွားပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအစီရင်ခံစာပါ အထက်တွင် ဖော်ပြခဲ့သည့် မိမိ၏မှတ်ချက်မှာ ငွေစာရင်းမင်းကြီးရုံးမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ရောက်ရှိပြီး မပြီးပြတ်သေးသော တစ်ကျပ်တန်ငွေစက္ကူခြစားမှုနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအမှုတွဲကို အပြီးသတ်အမိန့်ချမှတ်ရန် နှိုးဆော်ပေးလိုက်သလိုဖြစ်သွားပြီး ထိုစဉ်က တာဝန်ရှိသူ ငွေတိုက်ခွဲအရာရှိနှင့် ငွေတိုက်စာရေးတို့က ခြစားသွားသော တစ်ကျပ်တန်ငွေစက္ကူတန်ဖိုးကို အချိုးကျ ပူးတွဲ၍ ပေးလျော်စေရန် အမိန့်ချမှတ်လိုက်သောကြောင့် ဖြစ်ပါသည်။ မည်သူက မည်မျှစီပေးလျော်ရသည်ကို အတိအကျမမှတ်မိတော့သော်လည်း တာဝန်ပိုကြီးသည့် ငွေတိုက်ခွဲအရာရှိကပေးလျော်ရငွေမှာ ပိုများပါသည်။ သို့သော် တစ်ကြိမ်တည်းဖြင့် ပေးလျော်ရခြင်းမရှိဘဲ အရစ်ကျလစာမှ ဖြတ်တောက်၍ ပေးလျော်ရခြင်းဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021