စကားအော်ဟစ်ပြောဆိုခြင်းမပြုရန် တားမြစ်ခဲ့သည့် ပွဲရုံပိုင်ရှင်ကို အလုပ်သမားက ဓားဖြင့်ထိုးသတ်ခဲ့မှု ကျောက်မဲမြို့တွင် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၆ နာရီ မိနစ် ၅၀ ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ပြည်သူ့ ဆေးရုံကြီး၌ ဓားဒဏ်ရာရရှိသေဆုံးသူတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအုပ်စုနေ ပြောင်းဖူးပွဲရုံပိုင်ရှင် ဦးစိန္တ(ခ)ဦး အိုက်မောင်(၅၅နှစ်)ဖြစ်ပြီး ရင်ညွန့်ဖောက်ဝင် ဒဏ်ရာ၊ ဝဲဘက်နို့အုံအောက်ဖောက်ဝင်ဒဏ်ရာ၊ ဝဲဘက်လက်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲတင်ပါးပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံးပြတ်ရှဒဏ်ရာ များရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ ဇနီးဖြစ်သူဒေါ်အေးပီး ( ခ )ဒေါ်ခင်လှကို စုံစမ်းမေးမြန်းချက်အရ ခင်ပွန်းဖြစ်သူ နေအိမ် တွင်ရှိနေစဉ် ပွဲရုံ၌ အလုပ်သမားအဖြစ်လုပ်ကိုင်နေသူ မျိုးလွင် ( ၃၉ နှစ် )နှင့် ဘသိန်းတို့နှစ်ဦးက ၎င်းတို့နေထိုင်ရာနေအိမ်မှ ဦးစိန္တနေအိမ်ဝင်းအတွင်းသို့ရောက်ရှိလာခဲ့သည်။ယင်းနောက် မျိုးလွင်က ဘသိန်းကို အော်ဟစ်ပြောဆိုနေသဖြင့် ထိုသို့အော်ဟစ်ပြောဆိုခြင်းကို မကြိုက်၍ ခင်ပွန်းဦးစိန္တမှ တားမြစ်ခဲ့ပြီး ခြံဝင်းအတွင်းမှထွက်သွားရန်ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုသည်ကို မျိုးလွင်ကမကျေမနပ်ဖြစ်ကာ အနီရောင်ချည်သားလွယ်အိတ်အတွင်းမှ သစ်သားအရိုးတပ် အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ဦးစိန္တကို ထိုးခဲ့သည်။ ခင်ပွန်းဖြစ်သူလဲကျသည်ကို တွေ့ရှိသဖြင့် ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခဲ့ရာ အိမ်နီးချင်းဦးကျော်ဝင်းနှင့်အခြားသူများရောက်ရှိလာပြီး ခင်ပွန်းကို ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်သူ မျိုးလွင်ကို အမှတ် ၃၅၂ အမြှောက်တပ်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ကျောက်မဲမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















