တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် ပေါက်ကွဲသံများထွက်အောင် လုပ်ဆောင်ခဲ့သူ လူငယ် သုံးဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၂၄ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ ညပိုင်းတွင် ထားဝယ်မြို့ ရဲစခန်းမှဒုရဲအုပ် အေးမင်းခိုင်နှင့်အဖွဲ့က ဘုမ္မော် ရပ်ကွက် ညောင်ပင်ကြီးလမ်းဆုံတွင် ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေသူ ညီညီစိုးကို ဆိုင်ကယ် တစ်စီးနှင့်အတူတွေ့ရှိ၍ မေးမြန်းရာမှ အမှုပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်ပိုင်ရှင်မှာ မူဒူးကျေးရွာနေ စိုးမင်းသူဖြစ်ပြီး ၎င်းမှာဆင်ဆိပ်ရပ်ကွက်နေ အောင်သီဟဇော် နေအိမ်တွင် ငှားရမ်းနေထိုင်ကြောင်း သိရသဖြင့် အဆိုပါအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေခဲ့သည်။နေအိမ်အိပ်ရာကြမ်းခင်းအတွင်းမှ အချင်းတစ်လက်မခန့်ရှိ ဘောလုံးပုံသဏ္ဍာန် ယမ်းကြိုးများပါရှိသည့် အနီ/အစိမ်း/ အပြာရောင်များပါ ဗြောက်အိုး ခြောက်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
၄င်းတို့ သုံးဦးသည် သြဂုတ်လ (၁၁၊ ၁၂၊ ၁၃၊ ၁၇၊ ၂၁)ရက်နေ့များတွင်ထားဝယ်မြို့ပေါ်၌ အများပြည် သူများထိတ်လန့်စေရန်အတွက် ယမ်းဖောက်ခွဲမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

















