မိုးမိတ်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့စု ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးမှု သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါနေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တောင်ပိုင်းရပ်ကွက်၊ ရွာတော်လေးရပ်ကွက်ရှိ မူးယစ်ရဲတပ်ဖွဲ့ (၂၄) မူးယစ်တပ်ဖွဲ့ စုရုံးတွင် ရဲအရာခံငြိမ်းချမ်း၊ ဒုရဲအုပ်ရန်မျိုးထွေးနှင့် ရဲအုပ်သန့်ဇော်မိုးတို့အပါအဝင် ရဲတပ်ဖွဲ့ဝင်တို့ အတူတကွ အရက်သောက်စားခဲ့ကြသည်။
ထိုသို့ သောက်စားခဲ့ပြီးနောက် တပ်ပြင်သွားလာသည့်ကိစ္စနှင့်ပတ်သက်၍ ဒုရဲအုပ် ရန်မျိုးထွေးက ရဲအရာခံငြိမ်းချမ်းကို ခေါ်ယူဆုံးမခဲ့သည်။
ထိုသို့ဆုံးမရာမှ စကားများကာ ရဲအရာခံငြိမ်းချမ်းက ရဲအုပ်သန့်ဇော်မိုးနှင့် ဒုရဲအုပ်ရန်မျိုးထွေးတို့ကို NRC SMM LUGER တံဆိပ်ပါ ပစ္စတိုကျည်နှစ်တောင့်ဖြင့် ပစ်ခတ်ခဲ့ပြီး မိမိကိုယ်ကိုယ်သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့သည်။
ရဲအုပ်သန့်ဇော်မိုးတွင် ဝဲဘက်လက်မောင်းကျည် ဖောက်ထွက်၊ ဝဲဘက်နံကြား ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ရဲအရာခံငြိမ်းချမ်းတွင် မိမိကိုယ်မိမိ ပြန်လည်ပစ်ခဲ့ရာ ရင်ဘတ် အလည်တည့်တည့် ဖောက်ဝင်ပြီးကျောမှဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ရရှိသေဆုံးခဲ့သည်။
ဒုရဲအုပ်ရန်မျိုးထွေးတွင် ဝဲဘက်နံရိုးဘေးမှ ယာဘက်နံရိုးဘေး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိပြီး အရေးပေါ်ကုသမှုခံယူနေရသည်။
မိုးမိတ်မြို့မရဲစခန်းက အခင်းဖြစ်ရပ်မှ HHY336 Made in Austria Glock အမျိုးအစား 9×19ပစ္စတိုတစ်လက်၊ 9mm တံဆိပ်ပစ္စတိုကျည်အိမ်တစ်ခု၊ TAAI ARMS 4.8mmတံဆိပ်ပါ ပစ္စတိုကျည်တစ်ထောင့်၊ AP-15 SMM LUGER တံဆိပ်ပါ ပစ္စတိုကျည်တစ်တောင့်၊ NRC SMM LUGER တံဆိပ်ပါ ပစ္စတိုကျည်နှစ်တောင့်၊NRC SMM LUGER တံဆိပ်ပါ ပစ္စတိုကျည်အခွံသုံးခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
သေနတ်ဖြင့်ပစ်ခတ်ကာ မိမိကိုယ်ကိုယ်စီရင်ခဲ့သူ ရဲအရာခံငြိမ်းချမ်းကို မိုးမိတ်မြို့မရဲစခန်းက(ပ)၉၃/၁၉၊ရှမ်းလက်နက်-၁၂(က)(ဂ)အရ အမှုဖွင့်အရေးယူထားသည်။

















