ဘာစီလိုနာသည် သြဂုတ် ၂၅ ရက်က လာလီဂါဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဘက်တစ်နှင့်ကစားခဲ့ရာ ဦးဆောင်ဂိုးပေးခဲ့ရ သော်လည်း ငါးဂိုး နှစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ကစား ခဲ့၍ ယခုရာသီလိဂ် ပွဲဦးထွက်နိုင်ပွဲရခဲ့သည်။
လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာသည် ပွဲစဉ်(၁) တွင် ဘီလ်ဘာအိုအား အံ့အားသင့် ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားဝင်ခဲ့ရသည်။ ဘာစီလိုနာနည်းပြ ဗယ်ဘာဒီသည် ဒဏ်ရာရ နေသော အဓိကတိုက်စစ်မှူး မက်ဆီအပါအဝင် ဆွာရက်ဇ်နှင့် ဒမ်ဘီလီတို့ကို အသုံးမပြုခဲ့ရ ပေ။ ဗယ်ဘာဒီသည် တိုက်စစ်တွင် ဂရစ်ဇ်မန်း၊ ရာဖင်ဟာနှင့် ချာလက်စ်ပီရက်ဇ်တို့ကို အသုံး ပြုခဲ့ပြီး ကွင်းလယ်တွင် ဒီဂျောင်၊ ဘက်စကွက်စ် နှင့် ဆာဂျီရောဘက်တိုတို့ပါဝင်ခဲ့သည်။
ဘက်တစ်သည် ပွဲချိန် ၁၅ မိနစ်တွင် ဂိုးစ ရခဲ့ပြီး ဖီကာက သွင်းယူခဲ့သည်။ ဘာစီလိုနာ တိုက်စစ်ကိုဦးဆောင်ခဲ့သော ဂရစ်ဇ်မန်းသည် ၄၁ မိနစ်တွင် ချေပဂိုးသွင်းခဲ့သည်။ ဂရစ်ဇ်မန်း သည် ပွဲချိန်မိနစ် ၅၀ ၌ ဒုတိယဂိုးသွင်းပေး ခဲ့ပြီး ၎င်း၏ဂိုးသွင်းပုံမှာ မက်ဆီကိုတုပကာ ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအတွက် ကျန်ဂိုးများကို ချာလက်စ်ပီရက်ဇ်၊ အယ်လ်ဘာ နှင့် ဗီဒယ်တို့က သွင်းပေးခဲ့သည်။ ဘက်တစ် အတွက် ဒုတိယချေပဂိုးကို မိုရွန်က သွင်းယူပေး ခဲ့သည်။
ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ကိုယ်တိုင်နှစ်ဂိုးသွင်းသလို ဗီဒယ်ဂိုးသွင်းနိုင် ရန်လည်း ဖန်တီးပေးခဲ့သည်။ ဂရစ်ဇ်မန်းသည် ပြိုင်ဘက်ကစားသမားအဖြစ် ယခုပွဲမတိုင်မီ ဘာစီလိုနာကွင်းသို့ ၁၀ ကြိမ်လာရောက်ကစား ခဲ့ရာ ဂိုးမရခဲ့သော်လည်း ယခုတစ်ကြိမ် ဂိုးများ သွင်းနိုင်ခဲ့သည်။
ဂရစ်ဇ်မန်းသည် ထူးကဲစံချိန် တစ်ခုရရှိခဲ့ရာ ၂၁ ရာစုအတွင်း နျူးကမ့်ကွင်း တွင် လာလီဂါပွဲဦးထွက် နှစ်ဂိုးသွင်းနိုင်သော ပထမဆုံး ဘာစီလိုနာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဘာစီလိုနာနည်းပြ ဗယ် ဘာဒီက ဂရစ်ဇ်မန်း၏ ခြေစွမ်းပြကစားနိုင်မှု မှာ ပြီးပြည့်စုံသည်ဟု ချီးကျူးခဲ့သည်။ ဘာစီ လိုနာသည် ပွဲစဉ်(၂) အပြီး တစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် သုံးမှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ် တည်နေသည်။















